ဇွန် ၂၈ – ၂၀၂၆
SN (VOM)
ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က နှစ်ရက်အတွင်း ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မနေ့ ဇွန် ၂၇ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စန်ခလဘူရီမြို့နယ်မှာ နယ်စပ်လမ်းကြောင်းမှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို နမ်ကုတ် ပူးတွဲစစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်သွားခဲ့ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ် (ဒါမှမဟုတ်) ခွင့်ပြုချက် စာရွက်စာတမ်းတွေကို ပြသဖို့ ပြောဆိုခဲ့ပေမယ့် အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေထံ လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇွန် ၂၇ ရက်နေ့မှာပဲ မနက် ၃ နာရီခွဲဝန်းကျင်က ဖတ်သလုန်းခရိုင်၊ အာရှလမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ မော်တော်ကားတစီးကို အဝေးပြေးရဲတပ်ဖွဲ့နဲ့ နခယတ်မြို့မရဲစခန်းတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာမှာလည်း ကားအတွင်းခန်းနဲ့ နောက်ဖုံးခန်းထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို တွေ့ရှိပြီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက “အဲဒီကားကို မောင်းလာတဲ့ ကားသမားက ရှေ့မှာရှိနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ အရေးပေါ်မီးပွိုင့်၊ အချက်ပြမီးကို ရဲကားအထင်နဲ့ ကားကို လမ်းဘေးမှာထားပစ်ခဲ့ပြီး ထွက်ပြေးသွားတာ။ ယာဉ်မောင်းက ထိုင်းလူမျိုးလို့ သိရတယ်။ အဲဒီ ရပ်ထားတဲ့ကားကို မသင်္ကာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အချိန် ၄ နှစ်အရွယ် ကလေးတယောက် အပါ၊ မြန်မာ ၁၂ ယောက်ကို တွေ့တယ်။ ကားအနောက်ဘက်က မိုးကာဖျင်အုပ်ထားတဲ့ နေရာမှာ နောက်ထပ် မြန်မာ နှစ်ယောက်ကိုတွေ့တယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ကား ရောက်မလာခင် အဲဒီလမ်းပိုင်းမှာ ယာဉ်မတော်တဆမှုတခု ဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေ ရောက်နေကြတာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်နေချိန် လမ်းအန္တရာယ်ကင်းဖို့အတွက် အချက်ပြမီး အနီ/အပြာတွေကို ဖွင့်ထားခဲ့ကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ (တောင်ပိုင်း) မှတဆင့် မလေးရှားနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ကြမယ့်သူတွေလို့ သိရပြီး ၎င်းတို့ဟာ ထိုင်း – မြန်မာ နယ်စပ်တနေရာမှတဆင့် ကားပြောင်းစီးကာ ၁၃ နာရီကျော်ကြာ ကားပေါ် လိုက်ပါလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်း ရဲတပ်ဖွဲ့က နခယတ် (Na Khayat) မြို့ရှိ ရဲစခန်းသို့ ပို့ဆောင်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကာ ထွက်ပြေးသွားတဲ့ ထိုင်းယာဉ်မောင်းနဲ့ ကွင်းဆက် လူကုန်ကူးဂိုဏ်းဝင်တွေကိုပါ ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့၊ ညပိုင်းကလည်း ဆူရတ်ဌာနီခရိုင်၊ ဘန်းနဒုမ်း (Ban Na Doem) မြို့နယ်အတွင်း၊ ထိုင်းရဲတပ်ဖွဲ့က ကားတစီးကို စစ်ဆေးဖို့ ရပ်တန့်စေခဲ့တာမှာ ကားရပ်မပေးဘဲ မောင်းနှင် ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရာ တရားမဝင် မြန်မာလုပ်သား ၁၃ ယောက်ကို တွေ့ရှိ ထိန်းသိမ်းခဲ့ပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူကတော့ ကားကိုထားခဲ့ကာ အနီးရှိ ရော်ဘာခြံအတွင်း ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ လေးလတာကာလအတွင်း ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားဦးရေ ခြောက်သိန်းရှစ်သောင်း ခုနစ်ထောင်ဝန်းကျင်ရှိပြီး အများစုဟာ တရားဝင်စာရွက်စာတမ်း မပြည့်စုံသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က သတင်းထုတ်ပြန်ထားပါတယ်။
Photo – CJ
