ဇွန် ၂၈ ၊ ၂၀၂၆
CC (VOM)
ထိုင်းနိုင်ငံ ချာချောင်းစောင်ဝ်ခရိုင်(Chachoengsao)၊ ဖနွန်စာရခမ်မြို့နယ် (Phanom Sarakham)ထဲက ကျေးရွာတခုအနီးမှာ သီချင်းဖွင့်ကာ အုပ်စုဖွဲ့ အရက်သောက်တဲ့ မြန်မာအလုပ်သမားအဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား အယောက် ၂၀ လောက်ပါတဲ့ အဖွဲ့ဟာ မနေ့က ဇွန် ၂၇ ရက်နေ့ညပိုင်းက နောင်နမ်ဒမ်ကျေးရွာ ကျေးရွာအနီးကွင်းပြင် မှာ အုပ်စုဖွဲ့အရက်သောက်ပြီး Song Box နဲ့သီချင်းဖွင့်တာကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေက ရောက်လာပြီး အသံမကျယ်ဖို့နဲ့ အနှောက်အယှက်မဖြစ်စေဖို့ လာရောက်သတိပေးရာကနေ ခိုက်ရန်ဖြစ်ပွား ပြဿနာတက်ပြီး မြန်မာသုံးယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင် တယောက်မှာလည်း ပုလင်းနဲ့ ဦးခေါင်းအရိုက်ခံရပြီး ဓားဒဏ်ရာတွေပါ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဒီကိစ္စနဲ့ ပဆ်သက်ပြီး ” သူတို့သောက်စားတဲ့နေရာက ကမ်းမမြင်လမ်းမမြင်တဲ့နေရာပါ ။ အဲလောက်ထိလုပ်ဖို့မလိုပါဘူး ။ ပြီးတော့ ရပ်ကွက်လူကြီးက လာတားတာမဟုတ်ပါဘူး ။ မြန်မာတွေ Song Box ဖွင့်ရင်ကို တချို့ထိုင်းကောင် တွေက သူတို့နိုင်ငံဆိုတော့ လူတွင်ကျယ်လုပ်ပြီး လာတားကြတာများပါတယ် ။ အခုသူတို့ အရက်စုပီး သောက်တဲ့နေရာကလည်း လူနေတဲ့ နေရာနဲ့ အလှမ်း တော်တော်ဝေးပါတယ် ။ လာတားတဲ့ ထိုင်းကလဲ မူးနေတာပါ ။ လာကတည်းက သေနတ်ပါလာပါတယ် ။ သက်သက်ကို အာဏာပါဝါ လာပြတာပါ၊ မြန်မာတွေဟာ သောက်တဲ့နေရာမှာ ဘယ်သူမှ ဓားကိုင်ပီး မသောက်ပါဘူး ။ ” လို့ဖြစ်စဥ်ကို သိတဲ့ ထိုင်းရောက် မြန်မာလုပ်သားက ပြောပါတယ်။
ထိုင်းနိုင်ငံသား မျက်မြင်သက်သေကတော့ မြန်မာလုပ်သားတွေဘက်ကနေ စတင်ရန်ပြုပြီး ထိုးကြိတ်ခြင်း ၊ ပုလင်းနဲ့ရိုက်ခြင်း ၊ ဓားကိုင်ထားသူတွေက တိုက်ခိုက်ခြင်းကြောင့် ကာကွယ်တဲ့အနေနဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ သက်ဆိုင်ရာရဲစခန်းမှာ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေက သေဆုံးသွားတဲ့ မြန်မာလုပ်သားသုံးယောက်နဲ့ပတ်သက်ပြီး အထောက်အထားတွေစိစစ်နေကြောင်း ၊ အခင်းဖြစ်ပွားရာနေရာမှာ သေနတ်တလက်၊ ကျည်ခွံ ၁၆ ခုထက်မနည်းနဲ့ ဓားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ် ။
အခုလို အုပ်စုဖွဲ့အရက်သောက်ရာကနေ မြန်မာလုပ်သားသုံးယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာ လုပ်သားတွေအကြားမှာ ပြစ်တင်ဝေဖန်မှုတွေရှိသလို အဖြစ်မှန်ကို ဖော်ထုတ်ပြီး သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေအတွက် တရားမျှတမှု ရရှိအောင် လုပ်ပေးဖို့ ပြောဆိုမှုတွေရှိနေပါတယ်။
” အခုဖြစ်တဲ့ ခရိုင်မှာက မြန်မာတွေအများကြီးရှိတယ် ။ မဟာချိုင်ထက်တောင် များတယ်။ မြန်မာတွေအနေနဲ့လည်း ကိုယ်က သူများနိုင်ငံမှာ အလုပ်လာလုပ်တာဖြစ်လို့ သူတို့နိုင်ငံသားတွေနဲ့ပြဿနာမဖြစ်အောင်နေဖို့ လိုတယ်။ အဓိက နေတတ် စားတတ်သွားတတ်ဖို့လိုတယ်။ အုပ်စုဖွဲ့ သောက်စားတာတွေလည်း မလုပ်သင့်ဘူး ။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်က မှတ်ချက်ပြုပြောပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့လည်း အခုဖြစ်ရပ်ကို သင်ခန်းစာယူသင့်ကြောင်း ၊ လူမြင်ကွင်းမှာ အုပ်စုဖွဲ့ အရက်သောက်တာ ၊ ပတ်ဝန်းကျင်ကို ဆူညံ အနှောက်ယှက်ဖြစ်စေတဲ့အရာတွေကို ရှောင်သင့်ကြောင်း ၊ မြန်မာလုပ်သားတွေအနေနဲ့ သိက္ခာရှိရှိ နေထိုင်ပြီး အလုပ်ကို ဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆို နေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ၊ ည ၁၀ နာရီလောက်ကလည်း ထိုင်းနိုင်ငံ ၊ ချွန်ပူရီမြို့နယ် လမ်းမပေါ်မှာ ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေ အချင်းချင်း စကားများရန်ဖြစ်ကြပြီး တုတ် ၊ ဓားတွေနဲ့ ထိုးနှက် ရိုက်နှက်ခဲ့ကြတာကြောင့် မြန်မာလုပ်သား နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၃ နာရီကျော် လောက်မှာပဲ ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာလည်း ဆေးကြောင်နေတဲ့ မြန်မာလုပ်သားတယောက်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်အစီးရေ ၂၀ နီးပါးကို ပေါက်ချွန်းနဲ့ လိုက်လံ ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါအပြင် ဇန်နဝါရီ ၁၁ ရက်ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်က စားသောက်ဆိုင်ရှေ့မှာ ထိုင်းနိုင်ငံသား သုံးယောက်ကို မြန်မာနိုင်ငံသားခြောက်ယောက်က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
