ဖားကန့် နမ့်မှော်မှာ မြေစာပုံဟောင်းပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက်ပါသွား ၊ အလောင်းသုံးလောင်းရှာဖွေတွေ့ရှိ

ဇွန် ၂၈ ၊ ၂၀၂၆
CC (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်ဘက်မှာ ညက မြေစာပုံပြိုကျလို့ ရေမဆေးသမား ၁၀ ယောက်လောက် ပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ် ။
လက်ရှိမှာ မြေစာပုံပြိုကျမှုကနေ ရုပ်အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိထားပြီး ကျန်တဲ့ ပျောက်ဆုံး ရေမဆေးသမားတွေကို ရှာဖွေမှုပြုလုပ်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်။
“မြေစာပုံအဟောင်းပြိုကျတာပါ ။ည ၁၁ လောက်ကဖြစ်တာ ။ မြေစာပုံပြိုကျတဲ့အထဲ ပါသွားတဲ့ ရေမဆေးသမားစာရင်းတော့အတိအကျမရသေးဘူး ။ ဒါပေမယ့် ၁၀ ယောက်လောက်တော့ ဖြစ်နိုင်ချေရှိတယ်သိရတယ်။ မနက်က ရေကြီးနေတော့ ရှာဖွေရေးလုပ်ရတာ အခက်အခဲတွေ ကြုံရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အညီ မိုးရွာသွန်းခြင်း ၊ ရေကြီးခြင်း စတဲ့ဖြစ်စဥ်တွေကြောင့် ဖားကန့်ဒေသရှိ မှော်လုပ်ကွက်တွေက မြေစာပုံတွေမှာ ကျောက်ရှာဖွေမှုဟာ ရေမဆေးသမားတွေအတွက် အန္တရာယ်များတဲ့ အခြေအနေရှိပေမယ့်လည်း မိသားစုစားဝတ်နေရေးအတွက် အန္တရာယ်ကြားကနေ ကျောက်ရှာဖွေနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်ကလည်း ဖားကန့်ဒေသရှိ မှော်စီစာရပ်ကွက်က စိန်စိန်ကျင်း လုပ်ကွက်ဟောင်းပြိုကျပြီး ကုမ္ပဏီဝန်ထမ်း ငါးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကလည်းဖားကန့် ၊ ကုဋေမှော် အဲဗားမှာ မြေစာပုံပြိုကျပြီး လူ ၂၀ လောက် ပါသွားမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်ဒေသ ၊ဆိုင်းတောင်ရွာအုပ်စု ၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ် မြေစာပုံဟောင်း လုပ်ကွက်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူအမျိုးသားနှစ်ယောက် သေဆုံးပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။
အလားတူ အောက်တိုဘာ ၁၄ ရက်ကလည်း ဖားကန့်ဒေသရှိ ကုဋေလုပ်ကွက်ဟောင်းတခုမှာ လက်ကျင်းတူးရာမှ ခြေချော်ကျပြီး အမျိုးသားတယောက် သေဆုံးခဲ့သလို အောက်တိုဘာ ၃ ရက်မှာလည်း မှော်စီစာကျေးရွာ၊ သာယာကုန်းမှာ ကျောက်စိမ်းလုပ်ကွက်ရှိ မြေစာပုံပြိုမှုကြောင့် တယောက် သေဆုံးပြီး တယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းရှိ စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး ကျောက်ရှာဖွေသူအပါအဝင် သေဆုံးသူ ၁၇ ယောက်ထက်မနည်း ရှိခဲ့ တယ်လို့ သိရပါတယ်။
ဇွန် ၂၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေတဲ့ ညီအစ်ကိုနှစ်ယောက် သေဆုံးမှုရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်းမှာ နွံပေါက်ကျမှုဖြစ်ပွားပြီး သေဆုံးသူ အယောက် ၃၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်လုပ်ကွက်မှာ မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW