ရခိုင်ပြည်မှာ ၁၀ ရက်ကျော်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက်ကျော် သေဆုံး၊ အယောက် ၄၀ ဝန်းကျင် ဒဏ်ရာရ

ဇွန် ၂၇ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခု ဇွန်လ ၁၄ ရက်ကနေ ၂၆ ရက်နေ့အထိ ၁၀ ရက်ကျော် ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက်ကျော် သေဆုံးခဲ့ကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇွန် ၂၆ ရက်၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ အမှတ် (၂) ရပ်ကွက်နဲ့ ရေကျော်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ကနဦးတုန်းက ဒဏ်ရာရက ခြောက်ယောက်ရှိတာ။ အဲဒီထဲက တယောက်က ဆေးကုနေရင်း ဆုံးသွားတယ်။ ကျန်တဲ့ ငါးယောက်ထဲမှာလည်း ဒဏ်ရာ ပြင်းထန်အဆင့်တွေပါတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျိန္တလီမြို့ဟာ သံတွဲနဲ့ ဂွမြို့ကြားမှာ တည်ရှိပြီး ရေကျော်ကျေးရွာကတော့ ကျိန္တလီမြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာ ပင်လယ်ကမ်းခြေအနီးမှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မောင်တောမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရကျောင်းဟောင်းအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးကျော်ဝန်းကျင်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာမှာလည်း ဇွန် ၂၃ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် ဒဏ်ရာရရှိခဲ့ကာ နွားနှစ်ကောင် သေဆုံးခဲ့တဲ့အပြင် နေအိမ် နှစ်လုံးနဲ့ လူနာတင်ကား တစီးလည်း ပျက်စီးခဲ့တယ်လို့ သိရပြီး ဇွန် ၂၀ ရက်ကလည်း ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်၊ သိပ္ပံလမ်းနဲ့ ကိန္နရီလမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကိုးယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့သလို ဇွန် ၁၅ ရက်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇွန် ၁၄ ရက်နေ့ကလည်း ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စာသင်ကျောင်းဆောင်တွေနဲ့ အနီးအနားရှိ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW