ရန်ကုန် ပုဇွန်တောင်ချောင်းထဲ ရေဆင်းကူးတဲ့ လူငယ်လေးယောက်အနက် နှစ်ယောက်သေဆုံးခဲ့

ဇွန် ၂၇ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊မင်္ဂလာတောင်ညွန့်မြို့နယ် ၊ စက်ဆန်းရပ်ကွက် ၊ PRO1 Global Home Center နောက်ကျောက ပုဇွန်တောင်ချောင်းထဲမှာ ရေဆင်းကူးရာကနေ လူငယ်အမျိုးသားနှစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဇွန် ၂၆ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ PRO1 Global Home Center က အလုပ်ကြမ်းသမားလေးတွေ ဖြစ်ကြောင်းသိရပြီး သေဆုံးသူတွေက အသက် ၁၆ နှစ်အရွယ် လေးတွေဖြစ်တယ်လို့ သိရပါတယ်။
“ကလေးတွေက ၁၅ ၊ ၁၆ အရွယ်တွေပါ။ ကလေးတယောက်က မျောပါသွားပြီး ပျောက်သွားတယ် ။ရှာမတွေ့သေးဘူး။ ရေကလည်းတက်နေတယ်ဆိုတော့ ရေအတက်နဲ့ ရေကူးတဲ့အရှိန်နဲ့ ကလေးတွေက ကြွက်တက်ပြီး ဖြစ်သွားတယ်ထင်ပါတယ်။ ပျောက်ဆုံး တယောက်ကလည်း သေဆုံးများပါတယ်။ရှင်တယ်ဆိုရင် ပြန်တက်လာရမှာလေ။ခုပြန်တက်မလာတော့ ကျွန်တော်တို့က သေလူလို့ သတ်မှတ်ထားတာပေါ့။ ကလေးတွေက ကုန်တင်ကုန်ချကလေးတွေ ဖြစ်ဖို့များတယ်။ PRO1 မှာလုပ်ကြတဲ့ ကလေးတွေပါပဲ ။
အလုပ်ကြမ်းသမားလေးတွေ ဖြစ်ဖို့များပါတယ်။ အလောင်းပြန်တွေ့ထားတဲ့တယောက်ဆိုရင် PRO 1 ကဝန်ထမ်းတွေပဲ ဆယ်ယူထားတာ ။ အလုပ်သမားတွေကတော့ ဧရာဝတီတိုင်းကနေ လာပြီးအလုပ်လုပ်ကြတာ။ အခုနေကြတာတော့ စက်ဆန်းရပ်ကွက်ထဲမှာပဲ။ ” လို့ လောက ဟိတာ ဝဟ လူမှု့ကူညီရေးအဖွဲ့ (ကျီတော်) ရဲ့တာဝန်ရှိသူက ပြောပါတယ် ။
ပုဇွန်တောင်ချောင်းက ရေတက်နေပြီး ရေစီးသန်နေတာကြောင့် ရေနစ်ပျောက်ဆုံး နေတဲ့ အမျိုးသားကို ရှာဖွေမှုရပ်ထားရကြောင်း ၊ အလောင်းပေါ်လာမယ့်အချိန်ကို စောင့်ပြီးသာ ဆယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကနေမှ သူနေထိုင်ရာဇာတိဖြစ်တဲ့ ဧရာဝတီ တိုင်း ၊မြောင်းမြကို ပြန်လည်သယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မေ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံးမှုရှိ ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – လောကဟိတ အသင်း

Related posts

Leave a Comment

VOM News

FREE
VIEW