ဇွန် ၂၈ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်နဲ့ မန္တလေးတိုင်း၊ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၄၆ ယောက်စလုံး ရာနှုန်းပြည့် စာမေးပွဲ အောင်မြင်ကြခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။
အင်းစိန် ဗဟိုအကျဥ်းထောင်ကနေ အကျဥ်းသား ၃၃ ယောက်၊ အကျဉ်းသူ သုံးယောက်၊ စုစုပေါင်း ၃၆ ယောက် ဝင်ရောက်ဖြေဆိုခဲ့တာမှာ သုံးဘာသာဂုဏ်ထူးရှင် တယောက်၊ နှစ်ဘာသာဂုဏ်ထူးရှင် တယောက်၊ တဘာသာ ဂုဏ်ထူးရှင် ငါးယောက်ရှိပြီး ရိုးရိုးအောင်မြင်သူ ၂၉ ယောက် ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကနေ အကျဉ်းသား ၁၀ ယောက် ဝင်ရောက်ဖြေဆိုခဲ့တာမှာလည်း အားလုံး ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ကြပြီး သုံးဘာသာဂုဏ်ထူးရရှိသူ လေးယောက်၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ ငါးယောက်၊ တဘာသာ ဂုဏ်ထူးရရှိသူ တယောက် ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီလို ရလဒ်က ကျေနပ်စရာပါ။ အစဉ်အလာလည်း ကောင်းခဲ့တာလေ။ တကယ်ကြိုးစားသူတွေအတွက် ထိုက်တန်တဲ့ အောင်မြင်မှုပါ။ ဘ၀သစ်ကို အစပျိုးနိုင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
အလားတူ ကသာအကျဥ်းထောင်မှာလည်း ၆ယောက်ဖြေဆိုတာမှာ ၆ယောက်စလုံးအောင်ပြီး တယောက်က ဘောဂဗေဒဂုဏ်ထူးနဲ့အောင်တယ်လို့ သိရပါတယ်။
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီကနေ့ ဇွန် ၂၈ ရက် မနက် ၄ နာရီမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။
မြန်မာတနိုင်ငံလုံး အမှတ်အများဆုံးအဖြစ် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ CAE ကိုယ်ပိုင်ကျောင်းကနေ ဝင်ရောက်ဖြေဆိုတဲ့ မသီရိစိုးက ရမှတ်ပေါင်း ၅၆၂ မှတ်နဲ့ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး အဆင့် (၁) ကို ရရှိသွားတယ်လို့ သိရပါတယ်။
ဒုတိယ အမှတ်အများဆုံးကတော့ မကွေးတိုင်း၊ မကွေးမြို့ရှိ ဒီ-ဝေလျှံ ကိုယ်ပိုင်အထက်တန်းကျောင်းကနေ ဝင်ရောက်ဖြေဆိုတဲ့ မအေးချမ်းမြေ့က အမှတ်ပေါင်း ၅၅၆ မှတ်နဲ့ အဆင့် (၂) ရရှိပြီး ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံး ရရှိသူစာရင်းမှာ အ.ထ.က (၁၄) လှိုင်သာယာ (အရှေ့ပိုင်း) ကနေ ဝင်ရောက်ဖြေဆိုတဲ့ မနီနီကျော်က ရမှတ်ပေါင်း ၅၃၀ နဲ့ အဆင့် (၁) ရရှိကာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးရရှိသူ စာရင်းမှာတော့ အ.ထ.က ကျောက်တံခါးကနေ ဝင်ရောက်ဖြေဆိုတဲ့ မစုမြတ်အောင်က ရမှတ်ပေါင်း ၄၉၈ မှတ်နဲ့ အဆင့် (၁) ရရှိတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနဲ့ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးမှသာ စတင်ထုတ်ပေးမှာဖြစ်ပြီး အမှတ်စာရင်း ထုတ်ပေးဖို့ အသင့်ဖြစ်ပါက စတင်ထုတ်ပေးမယ့် နေ့ရက်နဲ့ ထုတ်ပေးမယ့် အစီအစဉ်ကို www.dme.gov.mm နဲ့ www.myanmarexam.org ဝက်ဘ်ဆိုက်တွေမှာ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူအရေအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား တသိန်းတသောင်း နှစ်ထောင့်တရာ ကိုးဆယ့်တယောက်၊ ကျောင်းသူ တသိန်းငါးသောင်း ခြောက်ထောင့်ငါးရာ ခြောက်ဆယ့်နှစ်ယောက်၊ စုစုပေါင်း နှစ်သိန်းခြောက်သောင်း ရှစ်ထောင့်ခုနစ်ရာ ငါးဆယ့်သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စာရင်းပေးသွင်းသူတွေထဲက စုစုပေါင်း နှစ်သိန်းငါးသောင်း ငါးထောင့်နှစ်ရာ နှစ်ဆယ့်ရှစ်ယောက်တိတိ တက်ရောက် ဖြေဆိုခဲ့တာကြောင့် အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ တသောင်းသုံးထောင် ငါးရာနှစ်ဆယ့်ငါးယောက်ရှိကာ ပြည်တွင်းစာစစ်ဌာန ၈၇၁ ခုနဲ့ နိုင်ငံခြားစာစစ်ဌာန ၁၆ ခု၊ စုစုပေါင်း စာစစ်ဌာန ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
