ဇူလိုင် ၁၊ ၂၀၂၆
KKA (VOM)
စစ်ကိုင်းတိုင်း၊ အထက်ပိုင်းရှိ နဘားလမ်းဆုံမှာ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက အစိုးရတပ်နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်၊ ဒီနေ့မှာ လမ်းပိုင်းများအားလုံး ပိတ်ထားခဲ့တဲ့အတွက် ကားအစီးရေ ၅၀၀ နီးပါး ပိတ်မိနေကြောင်း ဖားကန့်ရတနာကားအသင်းယာဉ်မောင်းတစ်ဦးက VOM ကို ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်ထိမှန်ခဲ့လို့ ၆ ဘီးကုန်တင်ကားတစ်စီးနဲ့ အံစာတုံး ခရီးသည်တင်ကားတစ်စီးတို့ ထိမှန်ပျက်စီးခဲ့ပြီး ခရီးသည်များနဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အချို့ ဒဏ်ရာရရှိခဲ့ကာ လက်ရှိ ကသာဆေးရုံမှာ ဆေးကုသမှုခံယူနေကြတယ်လို့သိရပါတယ်။
“ခရီးသည်တင် အံစာတုံးကားကတော့ ရစရာမရှိအောင်ဖြစ်သွားတယ်။ အဲဒီကားပေါ်က ခရီးသည်အတော်များများလည်း ဒဏ်ရာတွေရကြတယ်။ ၆ ဘီးလည်းထိတာပဲ။ ၆ ဘီးကလည်း ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော ထိသွားတယ်။ ဖြစ်တဲ့နေရာမှာ အဆင်းကား ၁၅၀ ကျော်ပိတ်မိနေပါတယ်။ အတက်ကားတွေကတော့ ကသာမှာ ၃၀၀ ကျော်ပိတ်မိနေပါတယ်။ အဲဒါက မနေ့က ပိတ်မိနေတဲ့ စာရင်းပါ။ လောလောဆယ်တော့ ပွင့်မှာမဟုတ်သေးဘူး။” ဟု ဖားကန့်ရတနာယာဉ်မောင်းက ပြောပါတယ်။
နဘားလမ်းဆုံမှာ ပိတ်မိနေတဲ့ ကားတွေဟာ လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းနဲ့ အပြင်ဘက်တို့မှာ ခိုလှုံရပ်နားနေကြရပြီး၊ ဒီနေ့ ဇူလိုင် ၁ ရက်နေ့မှာတော့ အတက်ကားတွေကို ကျောက်တန်းနဲ့ ကျောင်းကုန်းရွာများဘက်ကနေ စတင်ပိတ်ဆို့ထားကြောင်းသိရပါတယ်။ ဒါပြင် တိုက်ပွဲပြင်းထန်ခဲ့တဲ့ နဘားလမ်းဆုံအနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံပြည်သူများကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
“တိုက်ပွဲအခြေအနေကတော့ ကျနော်တို့မသိပါဘူး။ လမ်းကတော့ ပိတ်ထားတယ်။ အခုမနက်တောင် အဲဒီဘက်က သေနတ်သံတွေကြားနေတုန်းပဲ။” ဟု ကျောင်းကုန်းဒေသခံတစ်ဦးက ပြောပါတယ်။
နဘားလမ်းဆုံနယ်မြေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တည်ရှိပြီး အရင်ကတည်းက စစ်ကောင်စီတပ်နဲ့KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှု မြင့်မားကာ မကြာခဏဆိုသလို တိုက်ပွဲငယ်များ၊ ကြားဖြတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။နဘားလမ်းဆုံဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီးကသာ၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့ စစ်ကိုင်းအထက်ပိုင်း မြို့နယ်များအပြင် ကချင်ပြည်နယ် ဖားကန့်၊ မိုးညှင်း၊ မြစ်ကြီးနားဘက်သို့ သွားရာ လမ်းခွဲများ ဆုံရာနေရာလည်းဖြစ်ပါတယ်။
ဓါတ်ပုံ၊CJ
