တောင်းရမ်းသူတွေ များပြားလာတဲ့ ကမ္ဘာကျော်ဦးပိန်တံတား

မန္တလေး၊ ဇူလိုင်- ၄- ၂၀၂၆
SA(VOM)
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလာများတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းက ဦးပိန်တံတားကြီးမှာ တောင်းရမ်းသူ (သူတောင်းစား)တွေ တဆထက်တဆ များပြားလာပြီး ခရီးသွားတွေကို အနှောက်အယှက်ဖြစ်စေတဲ့အပြုအမူတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
” ဒါတွေရှိနေတဲ့အပေါ်မှာ အများသူငှာသွားလာနေတဲ့ ဦးပိန်တံတားပေါ်မှာ ရှိနေတာတော့ အမြင်မသင့်တယ်ဘူးပေါ့၊ နောက်တခုက နိုင်ငံခြားသားအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကျစေတယ်ပေါ့၊ ဒီမှာက အများသူငှာသွားလာနေတဲ့အချိန် တံတားပေါ်မှာ သူတို့က နေရာအပြည့် ယူထားတဲ့အတွက် သွားလာတဲ့ လူတချို့ကျ စိတ်အနှောက်ယှက်ဖြစ်တာပေါ့၊ တချို့ကျတော့လည်း မြန်မာလူမျိုးတွေရဲ့ သဘာဝက စိတ်သဒ္ဓါတရားထက်သန်​တော့ လှူချင်တန်းချင်တဲ့စိတ်လည်းရှိတယ်၊ တဖက်ကပြန်ကြည့်မယ်ဆိုရင် အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေတာတွေတော့ရှိတာပေါ့၊ တချို့ကလေးတွေကျရင် ဇွတ်ကိုလိုက်ပြီး ဆွဲလားရမ်းလားလုပ်တဲ့အနေအထားတွေအထိရှိတယ်၊ ဧည့်သည်ဆိုတာကတော့ ဒီမှာလာတယ်ဆိုတာ စိတ်အပန်းဖြေဖို့လာတာ ကြည်ကြည်နူးနူးလာကြတယ် ဒါပေမယ့် သူတို့က နောက်ကနေလိုက်ပြီး ထိကပါးရိ ကပါးနဲ့ လိုက်တောင်းတော့ စိတ်မကြည်တာတွေ ရှိတာကိုလည်း တွေ့ရတယ်၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေလည်းလာတယ် ပြည်သူတွေလည်းလာတယ်၊ အခုချိန်မှာ ဒါတွေက အမြင်မတင့်တယ်ဘူးပေါ့ဗျာ” လို့ ဒေသခံတဦးက VOM ကိုပြောပါတယ်။
ဦးပိန်တံတား အရှေ့ဘက်ထိပ်နဲ့ အနောက်ဘက်တံတားထိပ်တွေ၊ ယာဥ်ရပ်နားကွင်း၊ တောင်မင်းကြီးဘုရားရဲ့ တောင်ဘက်မုဒ်တွေမှာ တောင်ရမ်းသူ အများစုရှိပြီး အနည်းဆုံး တောင်းရမ်းစားသောက်သူ ၁၅ ဦးကနေ အခါကြီးရက်ကြီးတွေမှာ အယောက် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။
” အခါကြီးရက်ကြီးဆို ပိုများတာပေါ့၊ သူတို့လည်း သူတို့ဘဝစားသောက်ဖို့တောင်းတာဆိုတော့ ဘယ်ပြောသာမလဲ ဒါပေမယ့်လည်း မြင်နေရတော့ ဘယ်ကောင်းပါ့မလဲ ဧည့်သည်တွေဘာတွေနဲ့ ကြိုက်တော့မကြိုက်ဘူးပေါ့၊ ဆိုက်တွဲကြီးနဲ့လို့ပြောတယ် အများကြီးပဲ စစ်ကိုင်းကတဲ့ ဒါတောင် နည်းသွားတာ ခါတိုင်းခေတ်ခါကောင်းတုန်းကဆို ပိုများတယ် အဲ့တုန်းကဆို တရက်တရက်ကို မတအားရတာတဲ့ အဲ့ကျတော့လူတိုင်းက အလုပ်မလုပ်ချင်ကြတော့ဘူး၊ တကယ်ဖြစ်တဲ့သူတောင်းတာကတော့ ထားပါတော့၊ တချို့ဆို လှတပတလေးတွေတောင်ပါတယ်၊ အရွယ် ကောင်းလေးတွေ တကယ်တန်းဆို လုပ်စားဖို့ကောင်းတယ်လေ၊ လွယ်လွယ်ရတော့လည်း လွယ်လွယ်ဖြစ်သွားတာပေါ့၊ စျေးဝယ်နေပြီဆိုလည်း အတင်းလိုက်တောင်းတာ ဒီမှာ ဒီလိုမျိုးကြီး နာမည်ထွက်လာရင် မကောင်းတော့ဘူးလေ၊ ကလေးတွေက စားသောက်နေတဲ့ မုန့်တွေ အအေးတွေကအစ အတင်းတောင်းကြတော့တာ၊ ဟင် ဦးပိန်တံတားကြီးက ဒီလိုကြီးလားဆိုတာတွေ ဖြစ်ကုန်မှာလေ နှစ်ကြာလာလို့ရှိရင် ပြောစမှတ်တွေ ဖြစ်လာမှာ” လို့ ဒေသခံ အမျိုးသမီးတဦးက VOM ကိုပြောပါတယ်။
တံတား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထိန်းသိမ်းဆောင်ရွက်တာမျိုးတွေရှိပေမယ့် ထိရောက်မှုမရှိပဲ လူကြီးလမ်းကြောင်းရှိမှသာ ဖယ်ရှားခိုင်းရတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
” အမေကြီးက ၁၁ လောက်ဆိုပြန်တာ တနေကုန် မထိုင်နိုင်ဘူး၊ မြေးလေးနှစ်ယောက်နဲ့ အမေကြီးက သုံးယောက်တည်း အိမ်ငှားနေတာ တလကို ၈၀၀၀၀ ပေးရတယ်၊ မနက်ပိုင်းကို လေးငါးထောင်တော့ရတယ်၊ မလောက်လည်း ညနေကျ သမီးလေးတယောက်က ဧည့်သည်တွေကို သနပ်ခါးလိမ်းတယ် ၁၂ နှစ်သမီးလေး၊ တံတားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လာတဲ့အခါလာတယ် စျေးသည်တွေလည်း နှင်ထုတ်တာ ၁၂ နောက်ပိုင်းမှ ထွက်ရတယ်၊ သူတို့တွေလည်း မောင်းထုတ်တယ် ကလေးတွေရဲလို့ ပေါက်စလေးတွေလေ အတင်းခွက်ကြီးတွေထိုးပြီးလိုက်တယ်၊ ဧည့်သည်တွေနောက်ကို တန်းလန်း တန်းလန်းနဲ့ လိုက်တောင်းတာ၊ အမေကြီးတို့ကျ အဲ့လိုမလုပ်နိုင်ဘူး၊ မနက်မနက်ဆိုလာကြတာ စစ်ကိုင်းကနေ မီနီအိုးဝေမှ နှစ်စီးတောင် “လို့ အမရပူရမြို့က ရပ်ကွက်တခုမှာ နေထိုင်တဲ့ တောင်းရမ်းသူအမျိုးသမီးတဦးက ပြောပါတယ်။
ဦးပိန်တံတားနဲ့ အနီးပတ်ဝန်းကျင်မှာ တောင်းရမ်းစားသောက်သူတွေရဲ့ အပြုအမူတွေကြောင့် နိုင်ငံရဲ့ပုံရိပ်ထိခိုက်စေပြီး လာရောက်လည်ပတ်သူတွေအဖို့ စိတ်မချမ်းမြေ့စရာကိစ္စရပ်တွေ မကြာခနဖြစ်ပေါ်နေတာမို့ သက်ဆိုင်ရာအနေနဲ့ ထိန်းသိန်းကြပ် မတ် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တံတားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဂေါပကအဖွဲ့ ဆီကို မေးမြန်းဖို့ ဆက်သွယ်တဲ့အခါ ဒေသခံတွေကိုသာ မေးမြန်းဖို့ ပြန်လည်ဖြေကြားပါတယ်။
ဦးပိန်တံတားရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၆၀ ကျော် ရှိနေပြီးတံတား အရှည်အားဖြင့် ၃၉၈၇ ပေ၊ တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း ရှိကာ လက်ရှိအချိန်မှာ သဘာဝ ဘေး အန္တရာယ်တွေကြောင့် အခန်းပေါင်း ၄၄၇ ခန်းသာကျန်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW