အခန်း (၁၆၁)

ဆူးငှက်

သူတို့အိမ်က ၁၀လပြည့်ပြီ
—————————

ကျွန်တော် သူတို့အိမ်ကို တောက်လျှောက်ရေးလာတာ ဇွန် ၁၉ရက်နေ့က ၁၀လ တင်းတင်းပြည့်ခဲ့ပါပြီ။ အဘယ်ကြောင့် ဆိုသော် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က စတင်ရေးသားခဲ့သောကြောင့် ဖြစ်သည်။ အစ ရည်ရွယ်သည်က ဒီလောက်ရှည်ရှည် ရေးဖြစ်ဖို့ မဟုတ်။ ယခုခေါင်းစဉ်နှင့် ရေးခဲ့ဖူးသော ဝတ္ထုတို ၁ပုဒ် ကို ၃ပိုင်းခွဲ၍ ပြန်တင်ရန်ဖြစ်သည်။ ထို၃ပိုင်းက အဘတို့ အမေတို့ မန္တလေးသို့ စတင်အခြေချကြပုံ အကျဉ်းချုပ် က ၁မျက်နှာခွဲ၊ ဒုတိယပိုင်းက ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းအတွင်းနှင့် ၇၆လမ်းဟေမာဇလရပ်ကွက်မှာ နေထိုင်စဉ်ကအပိုင်း အကျဉ်းချုပ် က ၁မျက်နှာခွဲ နှင့် ယခု သရက်ကုန်းကွက်သစ်မှာ ရောက်လာပုံက ၁မျက်နှာနှင့် စုစုပေါင်း ၄မျက်နှာ ခန့်သာ ရှိသော စာတစ်ပုဒ် ဖြစ်သည်။

သည်နေရာတွင် ဝတ္ထုတိုဟု ပြောခဲ့သော်လည်း ဇာတ်ကောင်မပါ ဇာတ်လမ်းမပါသောစာမို့ ရသစာတမ်းဟု ပြောရမလား၊ အက်ဆေးဟုပြောရမလား ဘာပြောရမှန်းမသိသည့် စာတစ်ပုဒ်ဖြစ်သည်။ ထိုစာကို ၃ပိုင်းခွဲတင်ဖို့ ပထမအပိုင်း၁ ကို တငသည့် နေ့မှာပင် အောက်က ကွန်မင့်တွေက အားပေးကြတာမို့ ကျွန်တော် စဉ်းစားမိတော့သည်။ မဟုတ်လည်း ဘာအလုပ်မှ မရှိတော့သောကြောင့် ကွန်ပျူတာရှေ့ထိုင် လိုင်းပေါ်တက်လိုက်၊ ပက်လက်ကုလားထိုင်ပေါ် ဖုန်းပွတ်လိုက်နှင့် တစ်နေ့ အနည်းဆုံး ၃နာရီနှင့် ၅နာရီကြား အရည်မရ အဖတ်မရ အချိန်တွေကုန်နေသည်။

ထို့ကြောင့် မှတ်တမ်းသဘောလေးများ ကျန်ရစ်မလားဟု တွေးမိပြီး ယခုကဲ့သို့ ရှည်လျားထွေပြား မနေမနား ဖြစ်ကုန်တော့သည်။ သည်နေရာတွင် ကျွန်တော်က ဘိုင်အိုဂရပ်ဖီခေါ် ဘဝမှတ်တမ်း ရေးရလောက်သည့် သူလည်းမဟုတ်၊ ထို့ပြင် အခြားမျက်နှာစာမှာလည်း ထင်ရှားသူမဟုတ်။ သို့သော် ကျွန်တော်က လူလည်ကျစွာဖြင့် ဖြတ်သန်းခဲ့ရသော ခေတ်ပုံရိပ်တွေကို ဘာမှမဟုတ်သည့် ကျွန်တော့အကြောင်း ရမယ်ရှာကာ ပြောလိုခြင်း ဖြစ်သည်။ ထိုအခါ ရေးမည်ကြံတိုင်း ဒါက သုတေသနစာတမ်းမဟုတ်တော့ ခုနှစ်တွေ သက္ကရာဇ်တွေ အတိအကျ မသိ မရှာဖွေနိုင်။ မှတ်မိတာကိုပဲ ရေးဖြစ်သည်။ ထို့ကြောင့် အနားမှာ ဘာရည်ညွှန်းစာအုပ်မှ မရှိ။ တစ်ခုပါပဲ တချို့ အဖြစ်အပျက်များက သမိုင်ဝင်များမို့ ပတ်သက်သည့် စာအုပ်စာတမ်းကို လှန်လှော ရတာမျိုးပဲ ရှိသည်။ ကိုးကားလွန်းလျှင်လည်း သမိုင်းစာအုပ်ဖြစ်သွားမှာစိုးသောကြောင့် ခုနှစ်သက္ကရာဇ်နှင့် နေရာဒေသလောက်ပဲ ကိုးကားသည်။

ရေးဖြစ်သမျှက ကိုယ်မှတ်ဉာဏ် တစ်မိုက် တစ်ထွာနှင့် တွေးတော၍ ရရှိသည့် အပိုင်းအစများပဲဖြစ်သည်။ ထိုသို့ ရေးသားတော့ အလုပ်က စာအုပ်ပြန်လှန်တာမဟုတ်ဘဲ ငယ်ဘဝတွေကို ပြန်တွေးရသည်။ တချို့အဖြစ်အပျက်များက တစ်နေ့မနေ့က ကဲ့သို့ ခရေစေ့တွင်းကျမှတ်မိသည်။ တချို့ကျ မပီမပြင် ခပ်ရေးရေး၊ ထို့ကြောင့် ခပ်ရေးရေးများကို ပီပြင် ပုံပေါ်လာအောင် မှတ်ဉာဏ်ကို သွေးရတော့သည်။ ထိုသို့သွေးရတာက နေ့စဉ် နာရီမလတ် ပြုလုပ်ရသည့် ဦးနှောက်လေ့ကျင့် ခန်းတွေ ဖြစ်လာတော့သည်။ သည်အရွယ် သည်ကာလတွင် အာရုံစိုက်စရာ တစ်ခုခုရှိနေဖို့ အနိဋ္ဌာရုံများကို မတွေးမိစေဖို့က အရေးကြီးသောကြောင့် စာရေးခြင်း မှတ်ဉာဏ်သွေးခြင်း အလုပ်အတွက် “သူတို့အိမ်” ကို ဆက်တိုက်ရေးဖြစ်တော့သည်။

အာရုံလည်း စူးစိုက်၊ ဦးနှောက် လည်း သွေး
—————————————–

၂၀၂၁ခုနှစ် ဧပြီလ ၁၇ရက်လောက်ကတည်းက ကျန်းမာရေးက ချုချာလာသည်။ ထိုင်မရ ထမရ၊ ညအိပ်မပျော်၊ စားမဝင်နှင့် ဒေါသလှိုင်းတံပိုး ထန်တာ ရက်ရှည်ဖြစ်နေသည်။ မိတ်ဆွေဆရာဝန်က သောက်ဆေးတွေ အိပ်ဆေးတွေ ပေးသည်။ မသက်သလို့ မိတ်ဆွေဆရာဝန်က ကျွန်တော်တို့ အနုပညာသည်တွေကို နားလည်သဘောပေါက်သူ ပါမောက္ခ ဆရာဝန်ကြီးနှင့် ပြစေသည်။ သည်လိုနှင့် ဆရာဝန်ကြီး၏ အစီအစဉ်ဖြင့် စိတ်အထူးကုနှင့် တစ်နှစ်ကျော်ပြသ ဆေးစားဆေးသောက်ရသည်။ သက်သာပျောက်ကင်းသွားပါ၏။ သို့သော် ဒီရောဂါက ခေတ်အနေအထားအရ အချိန်မရွေးပြန်ပေါ် နိုင်လို့ သောက်ဆေးသာမက အာရုံစိုက်ခြင်း ဦးနှောက်သွေးခြင်း ကို “သူတို့အိမ်”နှင့် ထိန်းကျောင်းရတာ အဆင်ပြေသည်။

တစ်ခါ ရေးသားနေတော့ ဒါက ဝတ္ထုမဟုတ်။ ထို့ကြောင့် စိတ်ကူးယဉ် ထိုးဇာတ်တွေ မဖြစ်ဖို့ အထူးအရေးကြီးသည်။ ထို့ပြင် တကယ်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုလည်း ကိုယ်လိုသလို ချဲ့ကား ပုံပြောင်း ကလိန်စေ့ ငြိမ်းမဆင်မိဖို့ လည်း လိုသည်။ အဖြစ်အပျက်အမှန်ကို သစ္စာစောင့်သိဖို့ပေါ့။ တစ်ခါ အဖြစ်အပျက်အမှန်က အတိတ်မှာ အဝေးမှာ ကျန်ခဲ့ပြီ။ သို့သော် အမှန်ပဲ အရှိအတိုင်းပဲဟု ဆိုကာ အကြေးလှန် အရေဆုတ် နောက်ကျောဓားနှင့် မထိုးမိစေဖို့ကလည်း အရေးကြီးသည်။

ကျွန်တော်သည် မိမိကိုယ်နှိုက်က သာမန်ညောင်ညမို့ အဖြစ်အပျက်ကိုခုတုံလုပ်ပြီး အသားယူ သူတော်ကောင်း သူရဲကောင်းလည်း မလုပ်အပ်ပေ။ ဤအကန့်အသတ်များဖြင့် ကာယကံရှင်တွေ မရှိတော့သည် ဆိုစေကာမူ သားစဉ်မျိုးဆက်နှင့် ဆွေမျိုးများဂုဏ်သိက္ခာ မထိခိုက်စေအောင် စောင့်ထိန်းရပြန်၏။ ယခုရေးခဲ့သည့် ၁၀အတောအတွင်း ယခုရေးနေသည့် သမဝါယမသင်တန်းကျောင်း အခန်းတွေက လှုပ်ခတ် အသံထွက်လာ၏။ ထိုးဇာတ်လား၊ ပြဇာတ် ဆန်လှချေလား၊ မယုံတဝက် ယုံတဝက် ယုံရခက်ကြီးပါ စသည်ဖြင့် သံသယ ဝင်ကြတော့သည်။

တစ်ရေးနိုး မနက်ဖြန်တဲ့
———————–

တကယ်တော့ သည်အဖြစ်အပျက်ကို အမှန်အတိုင်း မချွင်းမချန်ဘဲ ဝတ္ထုရှည်ပုံစံဖြင့် ၁၉၉၅ခုနှစ်ကတည်းက ရေးသားပုံနှိပ်ခဲ့ပြီးဖြစ်သည်။ စာရေးဆရာမ ဖြိုးသာရ စီစဉ်ပြီး ကိုထွန်းဦး(နဂါးစာပေ) က မန္တလေးစာအုပ်တိုက်အနေနှင့် ထုတ်ဝေခဲ့သည့် အဝါရောင် မန္တလေး ဝတ္ထုတိုစုစာအုပ်တွင် ပါဝင်ခဲ့သည်။ ဝတ္ထုနံမည်က “ တစ်ရေးနိုး မနက်ဖြန်’ တဲ့။ ထိုစဉ်က ရေးသက်နုစဉ်ကာလမို့ အဖြစ်အပျက်အမှန်ကို အသေးစိတ်ရေးခဲ့သည်။ ဥပမာ မေမြို့ခရီးစဉ်တွင် ဘီအီးဖောနှင့် ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်၌ အခြားသင်တန်းသူ သင်တန်းသားများ မျက်စေ့နောက်လောက်အောင် ကဲလွန်းသည်းလွန်းသည့် အခန်းများပင် စည်းမစောင့်ဘဲ ရေးလိုက်သေးသည်။ (တကယ်တော့ အခြားသူတွေ က မျက်စေ့နောက်လွန်းလို့ အရှက်ကွဲ အကျိုးနည်းအောင် ကျွန်တော့်ကို သင်တန်းကျောင်းရောက်တော့ ဂျောက်တွန်းသည့် အနေနှင့် စင်ပေါ် ထိုးတင်လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သင်တန်းကနဦးကာလ က သင်တန်းနှင့် ဆရာတွေအပေါ် အရွဲ့တိုက်ကာ ထင်သလိုနေခဲ့ခြင်း ဖြစ်သည်)။

ထို့ပြင် ၁၉၉၅ ခုနှစ်က ရေးသားခဲ့သည့် ဝတ္ထုတွင် ကာယကံရှင်၏ နံမည်ကို မလွှဲ မပြောင်းဘဲ အမှန်အတိုင်းနီးနီး ဖော်ပြခဲ့သည်။ ထို့ပြင် ကျွန်တော့်နံမည်ကျတော့ အမှန်အတိုင်း မသုံးဘဲ ကိုဆန်းမောင် လုပ်လိုက်သည်။ တကယ်ခေါ်ခဲ့သည့် ဦးကျော်မဟုတ်ဘဲ ပလိစိချောက်ချက်နှင့် ဦးမောင် လုပ်လိုက်သည်။ မလုပ်သင့် မလုပ်အပ်သည့် ကိစ္စပါပေ။ ထို့ပြင် ဝတ္ထုတွင် ကျွန်တော်က သင်တန်းသားမဟုတ်ဘဲ ကျောင်းအုပ်ကြီး ဘိုရဲ၏ သူငယ်ချင်း စာရေးဆရာ ပြဇာတ်ဆရာ အဖြစ် အသားယူထားသည်။ ထိုဝတ္ထုတွင် အမှန်နှင့် လွဲကာ ဇာတ်နာအောင် ထိုးဇာတ်လုပ်ခဲ့တာက တစ်ကွက်လည်း ပါသည်။ ထိုစဉ်က ကျွန်တော့်မှာ သားသမီးမရသေး။ သို့သော် သင်တန်းအပြီး ပြန်ကြတော့ ခင်သော်ဇင့်လက်ထဲတွင် သားလေးကိုပါ ထည့်၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ အခု အခန်းဆက်မှာတော့ ထိုးဇာတ်ကြီးပါဟု ပြဇာတ်မို့ ပြဇာတ်ဆန်တာပေါ့တို့ မယုံတဝက် ယုံတဝက်တို့ စသည်ဖြင့် သြဘာ အပေးမခံရအောင် သားလေး ပါလာသည်ဟူသော ဇာတ်နာကွက်ကို ဖြုတ်လိုက်ပါသည်။

သူတို့အိမ်၏ သ/မသင်တန်းကျောင်း အပိုင်းများကို ရေးတော့မည်ဆိုတော့ အဖွဲ့အနွဲ့မပါဘဲ ဖြစ်စဉ်ပြအနေနှင့်ပဲ ရေးမလား အဖွဲ့အနွဲ့နှင့် သိုင်းကာဝိုင်းကာ ရေးမလားဆိုတာ အတော်စဉ်းစားရသည်။ ကိုင်း… ဖြစ်စဉ်ပြအနေနှင့်ပဲ ရေးပြီး တကယ့် အထောက်အထားများ ဖြစ်သည့် အော်တိုစာအုပ်ထဲက သူ့ဓာတ်ပုံလေးနှင့် “အများစုက အသေးအဖွဲလို့ ထင်တာတွေကို ရှာကြံခံစားသူတွေ ဖြစ်တယ်..” ဟူသော အရေးအသား၊ အဝါရောင် စာအုပ်လေးထဲက “ ဦးကျော် တွေ့ကတည်းက ဦးကျော်ကို ခင်ပါတယ်” အစချီ စာသားများပါသည့် စာမျက်နှာတွေကို ဓာတ်ပုံရိုက်ထည့်မည်ဟု ဆုံးဖြတ်ကာ စရေးတော့ အဆင်မချောတော့။ သည် အခန်းတွေက အဖွဲ့အနွဲ့တွေပါမှ ပိုအသက်ဝင်မည်မို့ ဝတ္ထုပုံစံ ပြန်ရေးလိုက်သည်။

အင်း.. တကယ်ရှိထားတဲ့ စာမျက်နှာတွေကို ဓာတ်ပုံရိုက်ထည့်ရန်ကိုလည်း ကျွန်တော် မလုပ်လိုတော့။ ဒါက တကယ်ပါဗျာဟု သက်သေပြတော့ ဘာအကျိုးရှိပါ့မလဲ။ အကယ်၍ ကာယကံရှင်က ရှိသေးလျှင် သူ့ကို စော်ကားရာကျမည်။ သူတို့လင်မယား အသက်ကြီးမှ အရှက်ကွဲ အကျိုးနည်းလိမ့်မည်။

နောက်တစ်ခုက သူတို့အိမ်တွင် အချို့အခန်းများ`၌ ဖော်ပြသော ဓာတ်ပုံများမှာ ထိုအခန်း၏ တကယ့်မှတ်တမ်း ဓာတ်ပုံများဖြစ်သလို၊ တချို့ဓာတ်ပုံများက ထိုအခန်းနှင့် လိုက်ဖက်ညီသော သရုပ်ဖော် ဓာတ်ပုံများပဲ ဖြစ်ပါ၏။ ထိုအခန်း၏ မှတ်တမ်းတင် ဓာတ်ပုံအစစ်အမှန်များ မဟုတ်ပါဟု ဝန်ခံရပါသည်။ ထားခဲ့တော့။

အမြော်အမြင်နှင့် တိုးထွက်လာသူတွေ
—————————————

ကိုင်း ဒါဖြင့် သည်အခန်းတွေကို ဘာလို့ရေးနေတာလဲ၊ အကျိုးမရှိတာ ဟု မေးနိုင်ပါ၏။ ရေးရခြင်းက ထိုခေတ် သမဝါယမ သင်တန်းဆိုတာ၊ သင်တန်းတက်ကြရသည့် ဝန်ထမ်းဆိုတာ၊ ထိုထိုဝန်ထမ်းများ၏ ဇာတိ စရိုက် ပညာအရည်အချင်း အတွေ့အကြုံ စသည်တို့ကို သိစေချင်သည်။ ထို့ပြင် ထိုသို့သော တစ်ပါတီနှင့် စီမံကိန်းစီးပွားရေးခေတ်တွင် ကျောင်းအုပ်ကြီးဦးရဲမြင့်၊ ဒု-ကျောင်းအုပ် ဒေါ်အေးအေး တို့ကဲ့သို့ အရည်အချင်းပြည့် အမြင်ကျယ် ခေတ်ရှေ့ပြေးသည့် ဆရာများ အကြောင်းလည်း မှတ်တမ်းတင်လိုသည်။

စံနစ်ဆိုးအောက်မှာ ဝန်ထမ်းဆိုးတစ်ဖက်ပိတ် မဟုတ်ဘဲ ရသည့်နေရာ လုပ်ပိုင်ခွင့်နှင့် ကာလံဒေသံကို ကြည့်ပြီး အကောင်းဆုံး လုပ်ကိုင်နိုင်သည့် ဆရာကောင်းများရှိသည်ဟု အသိပေးလိုခြင်းလည်း ဖြစ်ပါ၏။ ထိုကြောင်းချင်းရာတွင် ကျွန်တော်နှင့် ခင်သီတာ့ ကိစ္စ က အိမ်ထောင်တစ်ခု၏ ပျော်ရွှင်ကြည်နူးမှု ၊ သံယောဇဉ် ခိုင်မြဲမှု ဆိုသည်မှာ ဝါသနာတူ စိတ်တူ ဟူသည်က အရေးအကြီးဆုံးဟု ပြောချင်လို့ ဖြစ်သည်။ ဝါသနာမတူဘဲ မချစ်နိုင်။ ဝါသနာ မတူလည်း ချစ်ပါတယ်ဆိုတာ အလိမ်အညာ။ ဒါကို ပြောချင်တာလည်းပါသည်။

 

ဇာတ်ဆရာနှင့် မင်းသမီး နောက်ဆက်တွဲ
——————————————-

ကိုင်း… ရန်ကင်းတောင် ဇာတ်လမ်းက နိဋ္ဌိတံပြီလား။ ဒါကို ကျွန်တော့ ပရိသတ်အား ပြောရမည်။ သည်တစ်ခါ ထိုးဇာတ်ပါ၊ ပြဇာတ်ပါ၊ မယုံတဝက်ယုံတဝက်ပါဟု သံသယမဖြစ်ရအောင် လိုရင်းပဲ အစီရင်ခံပါရစေ။ ထိုနှစ် သင်္ကြန်အကြတ်နေ့ နံနက် တွင် ကိုညိုမင်းနှင့် ခင်သီတာ မန္တလေးရောက်လာပြီး ရောက်သည်နှင့် အော်တိုစာအုပ်ထဲက လိပ်စာကိုကြည့်ကာ ကျွန်တော့်အိမ်သို့ စက်ဘီးတစ်စီးနှင့် ပေါက်လာသည်။ သူတို့ သင်္ကြန်လည်ရင်း သင်္ကြန်အပြီး ဈေးချိုအဖွင့်မှာ ခန်းဝင်ပစ္စည်း ဝယ်ကြမှာတဲ့။ တည်းတာက အနောက်ပြင် သံတဲကျောင်းအနီးရှိ ခင်သီတာ၏ ဦးလေး အိမ်မှာတဲ့။ သည်နေ့တော့ ကျွန်တော့်အိမ်မှာ မနက်စာစား အေးအေးဆေးဆေးနား၊ စကားတွေပြောပြီး ညကျ ကျွန်တော်တို့နှင့် သင်္ကြန်လည်ပြီးမှ တည်းတဲ့အိမ် ပြန်မှာတဲ့။ ဒီတော့ ခင်သော်ဇင်က ထမင်းချက်ကျွေးပြီး အရပ်ထဲက မဝင်းသီတို့ ဂျစ်ကားနှင့် တောင်သမန်အင်းလိုက်သွားသည်။ ကိုညိုမင်းက ကျုံးဘေးက ရေပက် မဏ္ဍပ်တွေဆီ စက်ဘီးနှင့် ထွက်သွားသည်။

ခင်သီတာက ကျွန်တော်နှင့် စကားတွေ ပြောကာ ပျော်လိုက် ဝမ်းနည်းလိုက်ဖြစ်နေသည်။ ပျော်တာက သင်တန်းတုန်းက အကြောင်းတွေ မေမြို့သွားတာတွေ အထူးသဖြင့် ဇာတ်တိုက် ဇာတ်က ကြတာတွေ ပြောတော့ ပျော်နေသည်။ ဝမ်းနည်းတာက သူတကယ် အိမ်ထောင်ကျရတော့မယ်ဆိုတာနှင့် မိဘတွေက မင်္ဂလာဆောင်အတွက် စီစဉ်ကြပုံကို ပြောပြစဉ်ဖြစ်သည်။ ကျွန်တော်က သူဝမ်းနည်းလျှင် ဝတ္ထုတွေထဲကလို နဖူးလေးကိုင် ဆံပင်လေးသပ် လက်ကိုင်ပုဝါလေးနှင့် မျက်ရည်သုတ်ဆိုတာတွေ မပါဘဲ ခပ်လှမ်းလှမ်း တထောင့်ထွာလောက် အကွာကပဲ လူကြီးဆန်ဆန် အားပေးသည်။

အဘနှင့် အမေက ဥပုသ်ရလို့ မြောက်နားဆုတောင်းပြည့်ဘုရားထဲက တရားပွဲမှာ မနက်ကတည်းက သွားနေကြတော့ သူလည်း ရဲရဲပျော် ရဲရဲဝမ်းနည်းနိုင်သည်။ ညနေမှာတော့ ခင်သော်ဇင်က မင်္ဂလာလမ်းနှင့် လမ်း၃၀ထောင့် စိန်ဝင်းစားသောက်ဆိုင်က ခေါက်ဆွဲကြော် ဝယ်ကျွေးသည်။ ညမှာတော့ ဘူတာကြီးရှေ့က မီးရထား၊ ဆေးတက္ကသိုလ် ဆောက်လုပ်ရေး ငုရွှေဝါစသည့် ရေသဘင်မဏ္ဍပ်များသို့ ၂စုံတွဲက လမ်းလျှောက်ရင်း လည်ကြသည်။ လည်ကြသည့် လမးတလျှောက် ခင်သော်ဇင်ကလည်း ဖာသိဖာသာ၊ ကိုညိုမြင့်ကတော့ အချိန်တန် အိမ်မပြန်ရဘဲ နေညိုသည်နှင့် လေပြိုတာ မဖြေရဘဲ ခေါက်ဆွဲကြော်တွေ စားလိုက်ရလို့ ငူငူငိုင်ငိုင် ဒရွတ်တိုက် လိုက်လာသည်။

ခင်သီတာကတော့ ကျွန်တော့်ဘေး ကပ်ပြီး သူပြောချင်တာပြော မဏ္ဍပ်တွေရောက်တော့ အကတွေသဘောကျနှင့် အရုပ်ပေး အချော့ခံထားရသည့် ကလေးတစ်ယောက်လို ပျော်လို့။ သည်လိုနှင့် ည ၁၁နာရီလောက် အိမ်ပြန်ရောက်တော့ အိမ်မှာပဲ အိပ်လိုက်ကြပါ ဟု ကျွန်တော်နှင့် ခင်သော်ဇင်က တားသော်လည်း ကိုညိုမင်းက အားနာသတဲ့။ ထို့ကြောင့် အပျော်ရေချိန် မကျသေးသည့် သင်္ကြန်ပျော် ဂျစ်ကားများ နှင့် အတူ သူတို့၂ယောက်လည်း စက်ဘီးလေးစီးပြီး ပြန်ကြမတဲ့။ အပြန် အိမ်ပေါက်ထိ လိုက်ပို့တော့ ခင်သီတာက ဖိတ်စာပို့လိုက်ပါ့မယ်။ ဦးကျော်နဲ့ မမလည်း လိုက်ဖြစ်အောင် လိုက်ခဲ့ပါ။ လိုက်ရမယ်နော် ဟု တစာစာပြောရင်း ပြန်သွားကြသည်။ နောက် ၂လလောက်နေတော့ အလုပ်ရုံမှာ သူတို့ ဖိတ်စာလေးရောက်လာသည်။ ကျွန်တော် မသွားဖြစ်ခဲ့ပါ။ ဒါပါပဲလေ။

သင်္ကြန်ပြီးတော့ ခင်သော်ဇင်၏ သရိုးသရီ ကိစ္စ သိသာလာပါပြီ။ အစ်မတွေက ဒေါင်းရိုးထဲက မမဝင်းရီတို့ အိမ်မှာ ဆေးခန်းဖွင့်ထားသည့် အိုဂျီ ဆရာဝန်မကြီး ဒေါက်တာဒေါ်ခင်ဝင်းရီ ဆီမှာ ဗိုက်အပ်လိုက်တော့တဲ့လေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW