တွံတေးတူးမြောင်းအတွင်း သင်္ဘောနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး လူတယောက်ပျောက်ဆုံး

ဇူလိုင် ၅ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ၊ တွံတေးတူးမြောင်းရေမိုင်(၂၀) မှာ သင်္ဘော နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစီးနစ်မြုပ်ကာ လူတယောက်ပျောက်ဆုံးနေတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဇူလိုင် ၄ ရက်နေ့ ၊ ည ၉ နာရီခွဲကျော်လောက်မှာ ဇော်မြင့်မြတ် သင်္ဘော နဲ့ ဆန်တင်သင်္ဘောတစီးတို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိတာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်မှာ ဇော်မြင့်မြတ် သင်္ဘောက ပျက်စီးကာ နစ်မြုပ်ခဲ့ပြီး ရေလုပ်သားတယောက် ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” သစ်သားခွံသင်္ဘောနဲ့ သံခွံသင်္ဘော မျက်နှာချင်းဆိုင်တိုက်မိတာပါ။ အဲဒီမှာ သစ်သားခွံသင်္ဘောက နစ်မြုပ်သွားတယ်။ နစ်မြုပ်တဲ့သင်္ဘောပေါ်က ရေလုပ်သားတယောက် ပျောက်တယ်။ ညကရှာတယ် မတွေ့ဘူး ။ ရေစီးကသန်တော့ ရှာဖွေမှု ဆက်မလုပ်နိုင်တဲ့ အခြေအနေပါ ။” လို့ တွံတေးမြို့နယ် မီးသတ်ဦးစီးမှူး ကပြောပါတယ်။
ဇော်မြင့်မြတ် သင်္ဘောပေါ်မှာ လုပ်သား အမျိုးသား ကိုးယောက် ၊ ခရီးသည်အမျိုးသား ကိုးယောက် ၊ အမျိုးသမီး ၁၅ ယောက် စုစုပေါင်း ၃၂ ယောက် လိုက်ပါလာတာဖြစ်ကြောင်း ၊ အဲဒီထဲကမှ ၃၁ ယောက်က ဘေးလွတ်ရာကို ရောက်ရှိခဲ့ပြီး ရေလုပ်သားယောက်က ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
မေ ၂၈ရက်နေ့ညပိုင်း ကလည်း ရန်ကုန်မြစ်ထဲမှာ စက်လှေတစီးတိမ်းမှောက်လို့ စက်လှေပေါ်ပါသူတွေထဲက လူသုံးယောက်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် မတ်လကလည်း ရန်ကုန်မြစ်ထဲမှာ ခရီးသည်တင် စက်လှေတစီး တိမ်းမှောက်လို့ လူတယောက်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လကလည်း ရန်ကုန် ၊ လှိုင်မြစ်၊ ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းကနေ လူ ၁၇ ယောက် လိုက်ပါစီးနင်းလာတဲ့ သမ္ဗန်တစီးတိမ်းမှောက်လို့ လူငါးယောက်သေဆုံးကာ သုံးယောက်ပျောက်ဆုံးမှုရှိခဲ့တယ်လို့သိရ ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လကလည်း ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစီး အင်ဂျင်စက်ရပ်ပြီး ရေစီးနဲ့မျောပါကာ တွဲသင်္ဘောကိုတိုက်မိပြီး နစ်မြုပ်ခဲ့တာကြောင့် သဗ္ဗာန်ပေါ်လိုက်ပါလာသူတွေထဲက လေးယောက် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလမှာလည်း ရန်ကုန်မြစ်ထဲမှာသဗ္ဗာန်တစီးမှောက်ပြီး ခရီးသည် ၁၁ ယောက်အနက် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တွံတေးမီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW