ထိုင်းနိုင်ငံမှာ တပတ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ဝန်းကျင် ဖမ်းဆီးခံရ

ဇူလိုင် ၅ – ၂၀၂၆
SS (VOM)
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကနေ အခု ဇူလိုင် ၄ ရက်အထိ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၄ ရက်နေ့၊ ည ၉ နာရီခွဲဝန်းကျင်က ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နမ့်ကစ် (Nam Kik) ပူးပေါင်း စစ်ဆေးရေးဂိတ်အနီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ဘန့်ဆမ်လန့်ရွာနားက တောလမ်းကြောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်နေတဲ့အချိန် အဖမ်းခံကြရတာ။ အမျိုးသား လေးယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၁၅ ယောက်ပါ။ အကုန်လုံး အထောက်အထားမဲ့တွေချည်းပဲ” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို အထောက်အထားမဲ့ ဝင်ရောက်လာမှုနဲ့ ဆက်စပ်တဲ့ ဥပဒေလုပ်ငန်းစဉ်တွေနဲ့ ဆက်လက် အရေးယူနိုင်ဖို့အတွက် တာဝန်ရှိသူတွေက စံခလဘူရီရဲစခန်းကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၃ ရက်နေ့ကလည်း ဖရာနခွန်စီအယုဒ္ဓယပြည်နယ်၊ ဥထိုင်းခရိုင်၊ နောင်နမ်ဆွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာမှာ မြန်မာအလုပ်သမား ၇၀ ကျော်အနက် အထောက်အထားမဲ့ မြန်မာ ၃၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂ ရက်နေ့ကလည်း ဒေသခံတွေရဲ့ တိုင်ကြားချက်အရ တာဝန်ရှိသူတွေက အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ရှိ ရိုဂျနာစက်မှုဇုန်အတွင်း ဝင်ရောက်စီးနင်းခဲ့တာမှာ ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထားနဲ့ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်၊ စုစုပေါင်း ၂၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၂ ရက်နေ့မှာပဲ မဲဆောက်မြို့နယ်၊ ဖဝေါကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီး၊ အမှတ် (၁၂) ပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ အဖြူရောင် တိုယိုတာ ဗန်ကား တစီးကို တားဆီးစစ်ဆေးခဲ့တာမှာ QR Code ပါရှိတဲ့ Work Permit အတု ၁၅ စောင်နဲ့အတူ မြန်မာနိုင်ငံသား ၁၅ ယောက်နဲ့ ၎င်းတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ပွဲစား နှစ်ယောက်တို့ကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စန်ခလဘူရီမြို့နယ်မှာ နယ်စပ်လမ်းကြောင်းမှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇွန်လ ၂၇ ရက်နေ့မှာပဲ ဖတ်သလုန်းခရိုင်၊ အာရှလမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ မော်တော်ကားတစီးကို အဝေးပြေးရဲတပ်ဖွဲ့နဲ့ နခယတ်မြို့မရဲစခန်းတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့တာမှာလည်း ကားအတွင်းခန်းနဲ့ နောက်ဖုံးခန်းထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို တွေ့ရှိပြီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇွန်လ ၂၆ ရက်ကလည်း ဆူရတ်ဌာနီခရိုင်၊ ဘန်းနဒုမ်း (Ban Na Doem) မြို့နယ်အတွင်း၊ ထိုင်းရဲတပ်ဖွဲ့က ကားတစီးကို စစ်ဆေးဖို့ ရပ်တန့်စေခဲ့တာမှာ ကားရပ်မပေးဘဲ မောင်းနှင် ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရာ တရားမဝင် မြန်မာလုပ်သား ၁၃ ယောက်ကို တွေ့ရှိ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
“ဒီမှာက ဒီနိုင်ငံရဲ့ local အုံနာတွေမဟုတ်ဘဲနဲ့ နိုင်ငံခြားသားတွေ ဖွင့်ထားတဲ့ဆိုင်တွေ၊ လုပ်ငန်းခွင်တွေဆို ပိုစစ်တယ်။ အဲဒါကလည်း တိုင်တဲ့သူရှိလို့ စစ်တာ။ ပြီးတော့ သူတို့ ရွေးကောက်ပွဲအတွက် မြန်မာတွေကို ၁၀၀၀ လား၊ ၁၂၀၀ လားမသိဘူး၊ ဖမ်းရမယ်ဆိုပြီးတော့ စီမံချက်ချထားတာရှိတယ်။ အဲဒီတော့ ဖမ်းဆီးတာတွေကို ရဲအချင်းချင်းလည်း အပြိုင်အဆိုင်တွေ လုပ်လာကြတာပေါ့။ ဖူးခက်ဘက်က ရဲတွေ၊ ပုလိပ်တွေက အဲဒီလောက်ထိ မကြမ်းရဘူး။ ဘန်ကောက်ဘက်က ရဲတွေလာဖမ်းတယ်ဆို ပိုဆိုးတယ်။ အဲဒါကြောင့် အခု တချို့ဆိုင်တွေဆို အကုန်ပိတ်ထားရတယ်။ နိုင်ငံခြားသားဆိုင်ဆို ပိုဆိုးတယ် အရမ်းစစ်တာ” လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတယောက်က ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမား သတင်းအချက်အလက်စင်တာ (MIC) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန်လမှာ ထိုင်းနိုင်ငံအတွင်း အထောက်အထား ပြည့်စုံမှုမရှိခြင်းနဲ့ အလုပ်သမားကတ်ပါ အချက်အလက် ကိုက်ညီမှု မရှိခြင်းတို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ချင်းမိုင်၊ အယုဒ္ဓယ၊ မဲဆောက်၊ ပထုံထာနီ၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ဖူးခက်၊ ချွန်ဘူရီနဲ့ တာ့ခရိုင်တို့မှ အထောက်အထား ပြည့်စုံခြင်းမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဖမ်းခံခဲ့ရတာဖြစ်ပြီး ချင်းမိုင်နဲ့ တာ့ခရိုင်ဒေသအတွင်းမှာ အဖမ်းခံရမှု အများဆုံးဖြစ်ကာ အဖမ်းခံရသူတွေထဲမှာ Work Permit ရှိပေမယ့်လည်း ကတ်ပြားအတွင်း ဖော်ပြထားတဲ့ အလုပ်ရှင် (ဒါမှမဟုတ်) လုပ်ငန်းအမျိုးအစားနဲ့ လက်တွေ့လုပ်ကိုင်နေရတဲ့ အလုပ်ရှင် မတူညီခြင်းတွေကြောင့် ဖမ်းဆီးခံရခြင်းတွေ ပိုများတယ်လို့ သိရပါတယ်။
လတ်တလော အခြေအနေအရ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ တရားဝင် အထောက်အထားတွေဖြစ်တဲ့ ပတ်စ်ပို့၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)၊ အလုပ်ပါမစ်တို့ကို ကိုယ်နဲ့မကွာ တပါတည်း ယူဆောင်ထားကြဖို့၊ သတင်းအမှန်၊ သတင်းအမှားတွေကို ချင့်ချိန်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အသိပေး နှိုးဆော်ထားပါတယ်။
“ဒီမှာက အဖမ်းခံရပြီဆို များသောအားဖြင့် ငွေပေးပြီး ပြန်ရွေးခိုင်းတာများတယ်။ သူတို့ရဲ့ ဥပဒေအရ အရေးယူတယ်ဆိုတာ နည်းတယ်။ ပိုက်ဆံပဲတောင်းတာ။ အဖမ်းခံရပြီဆိုတာနဲ့ ကော့သောင်းစကရ (စစ်ကြောရေး) ဘက်နဲ့ ဘုရားသုံးဆူဘက်က သူတို့ရဲတွေ ရှိတဲ့နေရာကို သွားချထားတာများတယ်။ အဲဒီဘက်တွေကို တန်းပို့ပစ်တာပေါ့။ ပြီးရင် ငွေနဲ့ပြန်ရွေးခိုင်းတယ်။ ညှိလို့ရတဲ့သူတွေဆို ဘတ် ၈၀၀၀၊ တသောင်းလောက်နဲ့ ညှိလို့ရတယ်။ တချို့ဆို ဘတ် ခုနစ်သောင်းအထိ အတောင်းခံရတာ။ ညှိလို့မရရင်တော့ မြန်မာပြည်ပြန်ပို့တာ” လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ၂၀၂၆ခု နှစ်အတွင်း ရနောင်းမြို့ မှတဆင့် မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားဦးရေ ၈၀၀ ကျော်ရှိတယ်လို့ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံသား အများစုဟာ ပြည်တွင်းစီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် စားဝတ်နေရေး ခက်ခဲခြင်းနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်နေကြပြီး အထူးသဖြင့် စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှ စတင်ကာ လူငယ်အများစုဟာ နည်းလမ်းပေါင်းစုံနဲ့ ပြည်ပထွက်ခွာမှု ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသူတွေကို ပိုက်စိပ်တိုက် စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်‌နေတာဖြစ်ပြီး ဖမ်းဆီး အရေးယူခံရသူတွေ ရှိနေပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ စည်းကမ်းမဲ့ နေထိုင်မှုတွေကြောင့် အမှုအခင်း ဖြစ်ပွားမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင် ၅ ရက်၊ မနက်အစောပိုင်းက စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဆောင်သောင်ခရိုင်မှာ မော်တော်ဆိုင်ကယ် ဟွန်းတီးမှုနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားအုပ်စုနဲ့ ထိုင်းလူမျိုးအုပ်စုတို့အကြား ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသား သုံးယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ထိုင်းနိုင်ငံသား နှစ်ယောက်လည်း အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း သီရာချာမြို့နယ်၊ ဘော်ဝင်ရပ်ကွက်ရှိ Grace Christian School အနောက်ဘက်က အငှားဆောင်ခန်းတခန်းမှာ ဖဲကစားနေချိန် စကားများရန်ဖြစ်ပြီး ထိုင်းနိုင်ငံသားတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသား အမျိုးသား တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါအပြင် ဇွန်လ ၂၇ ရက်ကကလည်း ချာချုံန်ဆဝ်ခရိုင်၊ နောင်နမ်ဒမ်ကျေးရွာအနီး ကွင်းပြင်မှာ သီချင်းသံအကျယ်ကြီးဖွင့်ကာ အရက်သောက်နေတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ဝန်းကျင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေဟာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးရလွယ်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အမုန်းပွားခံရမှုမရှိအောင် နေထိုင်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW