မန္တလေးမှာ သေနတ်ဖောက်ပြီး ကားမှန်​တွေရိုက်ခွဲခဲ့သူကို ပြင်ဦးလွင်မှာ ဖမ်းဆီးရမိ ပုဒ်မလေးခုနဲ့ အမှုဖွင့်

မန္တ​လေး-ဇူလိုင် ၅-၂၀၂၆
KKA(VOM)
မန္တလေးမြို့မှာ ​ ရမ်းကားသူတဦးက ဆွေမျိုး​တော်စပ်သူအိမ်​ရှေ့မှာ သေနတ်ပစ်ဖောက် အော်ဟစ်ဆဲဆိုကာ ကားမှန်​တွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသားကို ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၄ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
လူသတ်ရန်အားထုတ်မှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှုနဲ့ အကျိုးဖျက်ဆီးမှု အပါအဝင် ပုဒ်မ ၃၀၇/၂၉၄/၅၀၆/၄၄၀ တို့နဲ့အမှုဖွင့်ပြီး ဖမ်းဆီးထားကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။
“ဆိုင်ကယ်နဲ့စဝင်လာကတည်းက ဗျူးဗျင်းနဲ့ လီဗာဆွဲ အော်ဟစ်နေတာပြီးမှ အဲဒီ ရွှေဆပ်ပြာကုန်ကြမ်းရောင်းတဲ့အိမ်ရှေ့ရပ်ပြီး ဆဲဆိုသံနတ်ဖောက်တာပဲ။ ရပ်ကွက်ကလည်း သေနတ်ဖောက်တော့ ကြောက်တာပေါ့။ နောက်တော့ လုံခြုံရေးအဖွဲ့တွေရောက်လာတော့ ထွက်ပြေးသွားတယ်။”လို့ ဖြစ်စဉ်အနီးနေထိုင်သူက VOMကိုပြောပါတယ်။
ဇူလိုင်လ ၃ ရက် ညပိုင်းက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ နေအိမ်တစ်အိမ်ရှေ့ကို ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်ရပ်ကွက်နေထိုင်သူ စောနိုင်ဦး(ခ)မောင်ခိုင် ဆိုသူ ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုသေနတ်နဲ့‌ သုံး၊လေးချက်ခန့် ပစ်ဖောက်ခဲ့ပြီး အိမ်ရှေ့မှာ ရပ်ထားသည့် Hijetကားနဲ့Suzuki Carryကားနှစ်စီးရဲ့မှန်‌ တွေကို ရိုက်ခွဲဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူဟာ အိမ်ရှင်နဲ့မောင်နှမဝမ်းကွဲ တော်စပ်တယ်လို့ မှတ်တမ်း​တွေအရသိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၄၂ နှစ် ကျခံနေရာမှ မကြာသေးမီကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတဦးလို့လည်းသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW