ဈေးဘိုး တစ်နေ့ အစိတ်
————————–
ကျွန်တော်တို့က ၁၉၈၃ ဖေဖော်ဝါရီမှာ အိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီး ၃လလောက်ကျ ဟေမာဇလ ရပ်ကွက်သို့ ပြောင်းခဲ့ကြသည်။ ထိုနေရာသို့ရောက်ပြီး မကြာမီ အောင်ရတနာစာပေအမည်ဖြင့် စာအုပ်ဆိုင်လေး ဖွင့်သည်။ ဟေမာဇလအိမ်ရောက်ကတည်းက အဘနှင့် အမေမှာ အလုပ်မရှိတော့။ မမခင်ရီက မိဘ၂ပါးအတွက် ဆေးဖိုးဝါးခ လစဉ် ကန်တော့ပါသည်။ ကိုလှဘော်ကလည်း သူရောက်လာလျှင် ငွေကြေးဖြင့် ကန်တော့ပြီးမှ ပြန်သည်။ စာအုပ်ဆိုင်လေးက အရှိန်ရလာတော့ မဆိုးလှ။ ပျမ်းမျှ တစ်နေ့လျှင် စာအုပ်အသစ် အဟောင်း အုပ်ရေ ၁၀၀နှင့် ၁၅၀ကြား ငှားရသည်။ ထိုစဉ်က စာအုပ်အသစ်ကို တစ်ရက် ၁ကျပ်နှင့် ငှားပြီး အဟောင်းက တစ်ရက် ၅မူး(ပြား၅၀) ရသည်။
ထို့ကြောင့် ညပိုင်း စာအုပ်ဆိုင် သိမ်းလျှင် ဈေးနုတ်အနေနှင့် ငွေ ၁၀၀ကျပ်နှင့် အထက်တော့ရသည်။ ၁၂ဝိ – ၁၂၅ိ ဝန်းကျင်ပေါ့။ မနက်လင်းလျှင် အဘကို ဈေးဘိုး အစိတ် (၂၅ကျပ်) ပေးလိုက်တော့ အဘက သူ့ချည်တဘက်လေးကို ခေါင်းပေါငါးပြီး လွယ်အိတ်အဟောင်းလေးကို ကိုင်က ထုံး၍ကိုင်ကာ ဘူတာတံတားကုန်းကြီးဖြတ်ပြီး ၇၉လမ်းက တရုတ်တန်းဈေးသို့ ဈေးဝယ် ခြေကျင်သွားသည်။ အမေက အိမ်ကနေ ထမင်း ကြိုချက်ထားနှင့်၏။ ထိုစဉ်က အိမ်မှာ မမခင်မြတို့ သားအမိ ၄ယောက်က တစ်အိုးစား၊ ကျွန်တော်တို့ ၄ယောက်က တစ်အိုးစားဖြစ်သည်။ သို့သော် အိမ်မှာ စိုင်ပြွန်ရိပ်သာဝင်းတွင် နေစဉ်က တူတွေ တူမတွေ ကလည်း အဖော်ရအောင် လာနေကြသည်။ သူတို့ကိုက နေ့စဉ် ၃ယောက် ၄ယောက်လောက်ရှိမှာပေါ့။ သူတို့ကလည်း ကျွန်တော်တို့ အိုးပဲနှိုက်ကြပါသည်။
အဘက ဟင်းကို အရသာရှိရှိ စားလောက်ပြီး ကုန်ကျစရိတ်သက်သာအောင် ချက်တတ်သည်။ ထို့ကြောင့် အိမ်မှာ ဘယ်နှယောက် လာပါစေ လောက်ငသည်။ ထို့နောက် စာအုပ်ငှားခရသည့် ဈေးနုတ် ၁၂၀ – ၁၃၀ လောက်ထဲက ဈေးဖိုးနှုတ်ပြီးနောက် ကျန်သည့် ငွေ ၁၀၀ ခန့်ထဲမှ စာအုပ်သစ်တွေ ဝယ်ရသည်။ ထိုစဉ်က မဂ္ဂဇင်းရော လုံးချင်းဝတ္ထုရော ကာတွန်းရော ဝယ်တာက ၆၀ကျပ်နှင့် ၉၀ ကျပ် ဝန်းကျင်ပဲရှိသည်။ ကျန်ငွေထဲက မုန့်စားတာ အခြား လိုအပ်တာ ဝယ်ခြမ်းပြီး ပိုငွေကို စုဗူးထဲ ထည့်လိုက်သည်။ သည်တော့ ထိုစဉ်က မချမ်းသာသော်လည်း ကျွန်တော့ လခရော၊ စာအုပ်ဆိုင်ဝင်ငွေရော၊ ဓာတ်ပုံလေးဘာလေး ရိုက်ရတာရောမို့ ခက်ခက်ခဲခဲတော့ မရှိလှ။
အိမ်ရှိ ကိုယ်ပိုင်၊ စပ်တူ ၊ ဖက်စပ် လုပ်ငန်းများ
———————————————
အိမ်မှာလာနေကြသည့် တူ တူမများတွင် အချို့က စာအုပ်ဆိုင်တွင် ကူကြပြီး စိုင်ပြွန်ဝင်းထဲက အ်မ်မှာ ကျန်ခဲ့သော မမခင်လှ၏ သမီး တူမ စန္ဒာဦးက အတူနေ မမခင်မြသမီး မြမြဝင်းနှင့် တွဲကာ ညရောက်လျှင် အိမ်ရှေ့မှာ အသုတ်စုံဆိုင် ဖွင့်သေးသည်။ ဒါက မမခင်မြနှင့် စန္ဒာဦး စပ်တူ စီးပွားရေးပေါ့။ မမခင်မြသမီး မြမြဝင်းက ထိုစဉ်ကာလ အပျိုပေါက်လေး ဖြစ်နေပါပြီ။ အမှတ် ၁၀ ဒိုင်အိုကျောင်းမှာ ၇တန်းတက်ဆဲဖစ်ပြီး စန္ဒာဦးက သူ့ထက်နည်းနည်းကြီးပြီး ကျောင်းမတက် တော့ဘဲ စက်ချုပ်သင်ကာ အိမ်မှာလည်း အပ်ထည်လေးတွေ လက်ခံသည်။ သည်စက်ဆိုင်က စန္ဒာဦးနှင့် ခင်သော်ဇင့် အကျိုးတူ ဖက်စပ်ပေါ့။
အပျိုဖော်ဝင်စ မြမြဝင်းက ကိုယ့်တူမမို့ ပြောတာမဟုတ်၊ အတော်လှသည်။ အသားကညိုသော်လည်း မျက်နှာပေါက်နှင့် ကိုယ်လုံးကိုယ်ထည်က လှသည်။ ထိုအခါ သူတို့ အသုတ်ဆိုင်လေးက ညဆိုလျှင် အိမ်ရှေ့မှာ စက်ဘီးတွေ တန်းစီကာ စည်နေတတ်သည်။ မမခင်မြနှင့် စန္ဒာဦးကလည်း လက်ရာကောင်း၏။ ဆိုင်မှာ စာအုပ်ငှားရင်း ရေနွေးကြမ်းအိုးနှင့် အသုတ်မှာစားကြသည်။ တစ်ခါ အသုတ်လာစားရင်း စာအုပ်ငှားကြ၏။
ကျွန်တော်က ညဖွင့်သည့် ဆိုင်ကို အလင်းရောင် အားနည်းလျှင် မကြိုက်လှ။ ထို့ကြောင့် အသုတ်ဆိုင်လေးနှင့် စာပွဲ၂လုံးမှာလည်း အိမ်ရှေ့ဘာဒံပင်နှင့် ယူကလစ်ပင်တွင် ၄ပေချောင်း ၂ချောင်း ဆင်ပေးထားသည်။ အသုတ်ဆိုင်လေးနှင့် စာအုပ်ဆိုင်ကြား ဝင်းတံခါး ပေါ်တန်းမှာလည်း ၄ပေတစ်ချောင်းဆင်သည်။ ဆိုင်ထဲမှာလည်း ၄ပေချောင်း ဆိုင်ပြင် စာရင်းမှတ်စာပွဲ၂လုံးမှာ ၂ပေ ၂ချောင်း၊ တိုက်အဝင်စ ပေါ်တီကို အောက်မှာ ၄ပေချောင်းနှင့် အိမ်ထဲမှာ ၂ပေ ၃ချောင်း ထွန်းထားလို့ လင်းထိန်နေ၏။ လူတွေက စာအုပ်ဆိုင်မှာရော အသုတ်ဆိုင်မှာရော မပြတ်တော့။
ကျွန်တော်ကလည်း ၁၉၈၃ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် စာမူပါပြီး ဆက်တိုက်ဆိုသလို စပယ်ဖြူ မဂ္ဂဇင်းမှာ ၁၉၈၅ မတ်လကစ၍ ၂လ ၁ကြိမ် ၃လ တစ်ကြိမ်လောက် ဆောင်းပါးတွေ ဆက်တိုက်ပါသည်။ သောင်းပြောင်းထွေလာတွင်ပါခဲ့သော စာမူနှင့် အတူပို့ခဲ့သည့် ဆောင်းပါးများတွင် ပြဇာတ် ၁ပုဒ်လည်းပါကာ အခြားစာမူများက စံပယ်ဖြူတွင် ဆက်တိုက် ပါခဲ့သော်လည်း ထိုပြဇာတ် စာမူက အစပျောက်နေသည်။ နောက်မှ ထိုစာမူကို ဆရာချစ်ဦးညိုက သဘောကျလို့ ယူထားကာ သဘင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
တကယ်တော့ ထိုစာမူများကို ကျွန်တော့်ထံက ဆရာချင်းတွင်းချစ်သွေး ယူသွားပြီး မောင်ကျော်ဆန်း (မန်းရတနာပုံမြေ) ဟု ကလောင်နံမည် တပ်၍ ဆရာချစ်ဦးညိုလက်သို့ အပ်လိုက်ခြင်းဖြစ်၏။ သောင်းပြောင်းထွေလာတွင် ထိုကလောင်နံမည်နှင့် ဆောင်းပါး ပါလာတော့ ထိုနံမည်ကို ကျွန်တော်မကြိုက်။ ထိုစဉ် ကျွန်တော့်စာမူများကလည်း ဆရာချစ်ဦးညိုထံ ရှိသည်ဟု သိထားပြန်တော့ အဆက်အသွယ်ရှာပြီး ကျန်စာမူတွေပါ ကလောင်နံမည်ပြောင်းပေးဖို့ ဆရာချစ်ဦးညိုကို ပူဆာပြန်သည်။
ဆရာတွေအပေါ် အလိုက်ကမ်းဆိုး မသိခဲ့ပုံ
———————————————
အခု ပြန်စဉ်းစားမိတော့ ကျွန်တော်က အတော် ဇာတ်ရှုပ်သည်။ တကယ်ဆို ကလောင်နံမည်ကို ကိုယ့်ဖာသာ ရွေးပါလား ကိုယ်ပဖာသာမရွေးဘဲ စေတနာက ကြားက ကူညီသည့် ဆရာကို ကလောင်နွမည်ရွေးခိုင်းသည်။ ထိုဆရာက ရွေးပေးပြန်တော့လည်း မကြိုက်ပြန်။ သည်တော့ ရန်ကုန်က အကျိုးဆောင်ပေးသူ နောက် ဆရာတစ်ယောက်ကို ကလောင်နံမည် ပြန်ရွေးပေးဖို့ ပူဆာပြန်သည်။ ကျွန်တော့်ကို ကူညီကြသည့် ဆရာတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ကြ။ ဆရာချင်းတွင်းချစ်သွေးဆိုတာ အဟောကောင်း အပြောကောင်းရုံမက မန္တလေးရှိနာမည်ကျော် အငြိမ့်တွေမှာ အော်ပရာတွေ သီချင်းတွေ မနားရအောင် ရေးနေရသူဖြစ်သည်။ ဆရာက ထိုအနုပညာအလုပ်များသာမက ပါတီဌာနချုပ်၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်နှင့် တပ်တွင်းပညာပေးသင်တန်းများတွင်လည်း နည်းပြဖြစ်သည်။ ထို့ပြင် ကျူရှင်များတွင်လည်း စာပြသေးသည်။
ရန်ကုန်က ဆရာချစ်ဦးညိုဆိုသည်ကလည်း စာပေလောက လုံးချင်းဝတ္ထုရှည်လောကတွင် ဟုန်းဟုန်းထ နေသူဖြစ်သည်။ နာမည်ကျော် လင်္ကာဒီပချစ်သူ ယတ္ထုကြီးနှင့် ထင်ရှားကျော်ကြားသွားပြီး လုံးချင်းတွေ ဆက်တိုက်ထွက်ကာ စာအုပ်တိုင်းကလည်း ထင်ရှားလှသည်။ ထို့ပြင် သဘင်မဂ္ဂဇင်းကိုလည်း အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ထုတ်ဝေနေသူလည်းဖြစ်သည်။ သည်လို စူပါကြီးတွေကို မဂ္ဂဇင်းထဲ စာမူလေး ၁ပုဒ်သာပါဖူးသည့် ငမြောက် ငခြောက် ကျွန်တော်က ဟိုဟာမကြိုက်ဘူး သည်ဟာမကြိုက်ဘူးနှင့် အတွန်းတက်နေသည်။ (ယခု သည်စာကို ရေးနေရင်း အခုခေတ် စာပေဆယ်လီကြီးတွေကိုသာ အဲ့သလို ချေးများအတွန့်တက်နေလျှင် ဘယ်လောက်များ စုတ်ပြတ်သွားအောင် ပညာပေး နှိပ်ကွပ်လိုက်မလဲလို့ တွေးမိနေသည်)။
လူကြုံနှင့် ကျွန်တော်ပူဆာလို့ စံပယ်ဖြူတွင်ပါသည့် စာမူကစပြီး ဆရာချစ်ဦးညိုက ကလောင်နံမည် ပြောင်းပေး လိုက်ပြန်၏။ ယခင် ဆရာချင်းတွင်းချစ်သွေး ပေးသည့် ကလောင်နံမည် ဖြစ်သော မောင်ကျော်ဆန်းကို ကက်ကင်းရိုက်က “ဆန်းကျော်မောင်” ဟု ကလောင်နံမည် ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ “ဆန်းကျော်မောင်” တဲ့။ အင်း.. တယ်တော့ မကြိုက်လှ။ သို့သော် ဆရာ၂ပါးကို အတွန့်မတက်ရဲတော့။ ထားလိုက်တော့။ ထို့နောက် နောက်ထပ်ပါသည့် စာမူတွေ အားလုံး ကလောင်နံမည်က ဆန်းကျော်မောင် ဖြစ်သွားတော့၏။
သို့သော် မောင်ကျော်ဆန်း(မန်းရတာပုံမြေ) က အမျှင်မပြတ်သေး။ ထိုစဉ်ကာလ လုံမလေးမဂ္ဂဇင်းကို ဆရာစိန်ခင်မောင်ရီက နောက်ကွယ်က ကိုင်နေသည်။ ဆရာစိန်ခင်မောင်ရီ အယ်ဒီတာချုပ် အဖြစ် နံမည်ခံသည်က ဂီတပဒေသာ မဂ္ဂဇင်းဖြစ်သည်။ ဆရာစိန်ခင်မောင်ရီက လုံမလေးမဂ္ဂဇင်းအတွက် စာမူတစ်ပုဒ် အရေးတကြီးလိုနေသည်။ ဆရာက အခြားမဂ္ဂဇင်းတွေမှာ ကျွန်တော့်ဆောင်းပါးတွေ တွေ့နေသည့်အပြင် ဆရာချစ်ဦးညိုနှင့် လည်း စကားစပ်မိတော့ လုံမလေးအတွက် သူလိုချင်သည့်စာမူကို ကျွန်တော့်ထံ ဆက်သွယ်ပြီး တောင်းခြင်းဖြစ်၏။
ရွာစားကျော် မမ လှလှ
—————————
ထိုစဉ်က မန္တလေးမှာ အမျိုးသမီးဆိုင်းဆရာမ အဖြစ် တက္ကသိုလ်ခင်မြလွင်က ဟိုးဟိုးကျော်နေသည်။ ခင်မြလွင်က ရွာစားကြီးစိန်ဗေဒါ၏ သားပည့် ရွာစား စိန်မောင်လွင်၏ တစ်ဦးတည်းသမီးဖြစ်သည်။ စိန်မောင်လွင်က မန္တလေးပန်တျာကျောင်းမှာ ဆိုင်းနည်းပြလည်းဖြစ်သည်။ တက္ကသိုလ်ခင်မြလွင်ကလည်း ရုပ်ရည်ရော အရပ်အမောင်းရော ကိုယ်လုံးကိုယ်ပေါက်ရော၊ ဝတ်ပုံစားပုံရော ဆိုင်းပညာရော ခေတ်ပညာရော တတ်မြောက်သူ ဖြစ်သည်။ ဘုရားပွဲ ကျောင်းပွဲနှင့် အလှူဟူသမျှ သူ့ဆိုင်းပါမှ အလှူမြောက်သည်။ စကားစပ်လို့ တစ်ခါကများ အနောက်ပြင် ဂွေးချိုတိုက်က ဘုန်းကြီးပျံမှာ တက္ကသိုလ်ခင်မြလွင်၏ ဆိုင်းပါသည်ဆိုတော့ စံကျောင်းမဏ္ဍပ်ထဲက ညဧည့်ခံတွင် ပရိသတ်က ကြိတ်ကြိတ်တိုးနေသည်။ သူ့ဆိုင်းက လက်သံသာမက ချောမောလှသည့် ဆိုင်ဆရာကိုလည်း မြင်ချင် ကြည့်ချင်ကြတော့ ဆိုင်းဝိုင်းနား ကပ်လို့ရအောင် တိုးရခွေ့ရသည်။ ဆရာစိန်ခင်မောင်ရီက ထိုစဉ်ကာလ နာမည်ကျော်ဆယ်လီမမ တက္ကသိုလ်ခင်မြလွင်အကြောင်း ကျွန်တော့်ကို ရေးခိုင်းပြီး လုံမလေးမဂ္ဂဇင်း ဖောင်ပိတ်အမီ ပို့ခိုင်းတော့သည်။
ထို့ကြောင့် ကျွန်တော်က သူ့ဆီမသွားမီ သူ့ဆိုင်းပွဲရှိသော မဟာမုနိဘုရားကြီး ဂန္ဓကုဋိကျောင်းတော်ကြီး ထဲကို ဆိုင်းမစမီ ညနေစောင်း ကတည်းက ကင်မရာတစ်လုံးနှင့် သွားစောင့်နေတော့သည်။ ပရိသတ်က ယိုးဒယား ကရောင်းရိုက်ကတည်းက ကျောင်းတော်ကြီးထဲသာမက ပြတိုက်ရှေ့ အိမ်ရှေ့မင်း ကြေးရုပ် ရင်ပြင်အထိ ကျပ်ညပ် သွား၏ သူ ဆိုင်းဝိုင်းထဲ ဝင်တော့ ဓာတ်ပုံကို အနီးကပ်ရိုက်နိုင်ဖို့ သံဃာတော်ပရိသတ်ကြီးကို လက်အုပ်ချီ တောင်းပန်ပြီး ရှေ့တိုး ဆိုင်းဝိုင်းနား ကပ်ကာ ဓာတ်ပုံရီုက်ရသည်။ ဆိုင်ဆရာ မမ က လွန်းရာကျော် ကြိုးကြီးချိတ်နှင့် မှန်ဇာနိုင်လွန်နှင့် စိန်ဆံထိုးနှင့် စိန်ဘယက်နှင့် အကောင်းစား မိတ်ကပ်နှင့် ရှယ်နယ် ဖိုက်ရေမွှေးရနံ့သင်းသင်းနှင့် ကျက်သရေရှိစွာ လှပနေသည်။ နောက်ရက်ကျမှ ဘုရားကြီး အရှေ့မုခ်လမ်း က အိမ်သို့ သွားပြီး အင်တာဗျူးရသည်ပေါ့။ ပြီးသည်နှင့် အမြန်ပြန် အမြန်ရေး၊ ဓာတ်ပုံအမြန်ကူးကာ ညနေ ရန်ကုန်ရထား တွဲစောင့်နှင့် ဆရာစိန်ခင်မောင်ရီ ထံ ပို့လိုက်ရသည်။ ထိုလ လုံမလေးမဂ္ဂဇင်းထွက်လာတော့ ကျွန်တော့်ဆောင်းပါးလည်း ပါလာပါသည်။ ကလောင်နံမည်က မောင်ကျော်ဆန်း (မန်းရတနာပုံမြေ) ပါပဲလေ။ ဆရာစိန်ခင်မောင်ရီက “ဆန်းကျော်မောင်” နေတာ သိသေးပုံ မရ။
အိမ်ထောင်ကျပြီး မေးနေကျ စကား
————————————-
ကျွန်တော်တို့ အိမ်ထောင်ကျတာက ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလဆိုတော့ နောက် တစ်နှစ်ကျော် ၁၉၈၅ ဖော်ဖော်ဝါရီလမှာပဲ (နားနှင့်မနာ ဖဝါးနှင့်နာပါ) ခင်သော်ဇင်မှာ ကိုယ်ဝန်ရှိသည်။ အိမ်ထောင်ကျ ကတည်းက ကလေးချက်ချင်း ယူမလား ဆိုသည် မှာ အတော်စဉ်းစားရသည်။ ၂နှစ်အတွင်း ဆွေမျိုးသားချင်းနှင့် သူငယ်ချင်း အပေါင်းအသင်းများကလည်း ကလေးမရသေးဘူးလား မေးကြသည်။ ကျွန်တော်တို့ ဇနီးမောင်နှံကလည်း ကလေးယူဖို့ကို ကြောက်ရွံ့နေကြသည်။
အဓိက ပြဿနာက နေရေးထိုင်ရေးပဲ ဖြစ်သည်။ အိမ်မှာက အစ်မတွေမိသားစု ၂စုရော အတူနေကြရလို့ ကြုပ်ထဲ ကြွေပစ်နေရသည့် အခြေအနေဖြစ်သည်။ အခု ဟေမာဇလရပ်ကွက်သို့ ရောက်လာပြန်တော့ အစ်မကြီးတို့က အဘနှင့် အမေ့အတွက်ဆောက်ပေးထားသော တိုက်မှာတော့ နေရပါရဲ့။ သို့သော် ကိုယ်ပိုင်မဟုတ်သေး၊ ကိုယ့်ခြေကိုယ့်လက် မဟုတ်သေးတော့ လုပ်ငန်းတစ်ခု အခြေချဖို့ဆိုက မရေရာလှပေ။ ပမာဆိုရသော် စာအုပ်အငှားဆိုင် ဖွင့်နေဆဲ ဈေးကွက်အခြေအနေက ပြောင်းလာသည်။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားလာသည်။
ထိုအခါ အလွန်အာသီသ ပြင်းထန်လှသော ပရိသတ်က လွဲလို့ အများစုက စာအုပ်များမှသည် ဗီဒီယို ဇာတ်ကားများဆီ ဦးလှည့်သွားကြသည်။ ထိုသို့ ဦးလှည့်သွားရာတွင် အိမ်တိုင်းစေ့မှာလည်း အပေါ်စက် အောက်စက်ဆိုတာမရှိကြပေ။ အချိုးအားဖြင့် ဆိုသော် ၁၀အိမ်တွင် ၁အိမ်ပင် မရှိကြပေ။ ရှိသည့် ၁အိမ်ကလည်း အပေါ်စက်ပဲရှိသည် အောက်စက်မရှိကြ။ ကြည့်ချင်မှသာ အောက်စက်ကို ဆိုင်က ငှားကြည့်ကြသည်။ သည်တော့ ကျွန်တော့်စာဖတ်ပရိသတ်၏ ၇၀ % လောက်ကလည်း ဗီဒီယိုဘက် ဦးလှည့်နေကြပြီ။ စာအုပ်ကိုတော့ သံယောဇဉ် မပြတ်ကြသေး။
ထိုအချိန်တွင် ကျွန်တော်က ရှိစုမဲ့စုလေးနှင့် အပေါ်စက်အောက်စက်ဝယ်ကာ အိမ်အောက်ထပ်မှာ ဗီဒီယို ဇာတ်ကား သန့်သန့်လေးတွေ ပြစားချင်သည်။ ကိုယ့်ပရိသတ်ကို သူများဆီ မရောက်စေချင်။ သု့ိသော် ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့ ထိုအစီအစဉ်က မအောင်မြင်။ ထို့ကြောင့် စာအုပ်ဆိုင် ဝင်ငွေလေးနှင့်တော့ ကလေးယူဖို့ တွန့်ဆုတ်နေခြင်း ဖြစ်သည်။
