ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေ့ရပ်စွန်ခွာ တိမ်းရှောင်နေရ

ဇူလိုင် ၁၉ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဖလမ်း၊ တီးတိန်နဲ့ ကလေးနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကလေး – ဂန့်ဂေါ – ဖလမ်းလမ်းဘက်ရှိ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တပ်စွဲထားတဲ့နေရာတွေကို အစိုးရတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာတွေက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“အစိုးရတပ်တွေက ကလေးမြို့ကို အခြေပြုပြီး ချင်းတောင်ဘက်ကို ထိုးစစ်ဆင်လာတာ။ ကလေး – ဂန့်ဂေါလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အခု အခြေအနေက တိုက်ပွဲလည်း ခဏခဏ ပြန်ဖြစ်နေတယ်၊ ပြီးတော့ လေကြောင်း တိုက်ခိုက်တာတွေကလည်း အချိန်မရွေး ဖြစ်နေတော့ ဒေသခံတွေ မိုးထဲရေထဲ စစ်ရှောင်‌ကြရတာ။ လေကြောင်းရန်ရော၊ ရာသီဥတုဒဏ်ကိုပါ တပြိုင်တည်း ကြုံနေကြရတာ” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး၊ ခြင်ထောင်နဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်လျက်ရှိနေပေမယ့် စစ်ရေးတင်းမာမှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံထားရမှုတွေကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်း ကူညီရေးအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီ အကူအညီတွေ ပုံမှန်ပေးအပ်နိုင်ဖို့ အလွန် ကြပ်တည်းလျက်ရှိတယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေက တောလမ်းတွေထဲမှာ ခိုလှုံနေရတာ။ အခုက အဓိကလမ်းမကြီးတွေ အသုံးပြုလို့ မရဘဲ ပိတ်ဆို့ခံထားရတော့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ အချိန်မီ ရောက်နိုင်ဖို့ဆိုတာ တော်တော်ကို ခက်တယ်။ ရာသီဥတုဒဏ်ကြောင့် ဖျားနာနေကြတဲ့သူတွေလည်း ရှိတယ်။ မိုးကလည်း အရမ်းရွာတော့ တောထဲ တောင်ထဲမှာ တောင်ပြို၊ မြေပြိုတာတွေလည်း ကြုံရတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ရှောင်ရတဲ့သူတွေ အတွက်ကတော့ စိန်ခေါ်မှုတွေ အများကြီးပါပဲ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ကလေး – ဂန့်ဂေါ လမ်းပိုင်းရှိ ထောက်ကြန့်ရွာ၊ စည်သာရွာနဲ့ နတ်မြောင်းရွာတွေမှာ တပ်စွဲထားတာကြောင့် အဲဒီ လမ်းပိုင်းမှတဆင့် ချင်းပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နဲ့ ၁၈ ရက်နေ့တို့ကလည်း နတ်ချောင်း၊ နတ်မြောင်း၊ နတ်နန်းနဲ့ သာစည်ကျေးရွာတို့မှာ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW