ဇူလိုင် ၂၀ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ ဇူလိုင် ၁၉ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
မအီမြို့ရှိ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်မှာ မနက် ၁၁ နာရီခွဲဝန်းကျင်ကနေစပြီး မိနစ်ပိုင်းသာခြားကာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေထဲက တချို့မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
“သုံးယောက်က ပွဲချင်းပြီး သေတယ်။ အရေးပေါ် ဆေးဝါးကုသမှု ခံယူရင်း နှစ်ယောက် ထပ်သေတယ်။ စုစုပေါင်း သေဆုံး ငါးယောက် ရှိလာပါပြီ။ အရေးပေါ် ကူညီကယ်ဆယ်ရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
မအီမြို့ဟာ ကျောက်ဖြူ – ရမ်းဗြဲ – တောင်ကုတ်လမ်းမပေါ် တည်ရှိတဲ့မြို့နယ်ခွဲတခုဖြစ်ပြီး အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်နဲ့ မိုင် ၂၀ ဝန်းကျင်အကွာမှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ရမ်းဗြဲကျွန်းနဲ့ မအီမြို့ကြားရှိ လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး သံဇစ်မြစ်တလျှောက်မှာ စစ်သေင်္ဘာတွေ အများအပြားချထားသလို မအီ – ရမ်းဗြဲကျွန်း ကားလမ်းမတလျှောက်ကိုလည်း လေယာဉ်၊ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူ – ရမ်းဗြဲလမ်းပိုင်းနဲ့ စနဲမြို့အနီးက တောင်မော်ဦးရေတပ်စခန်း အနီးတဝိုက်မှာလည်း AA ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း ရမ်းဗြဲ – မအီ – တောင်ကုတ် အဝေးပြေး ကားလမ်းမပေါ်က မင်းကြောင်းတံတားမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဇူလိုင် ၁၃ ရက်နေ့ကလည်း ဂွမြို့နယ်ရှိ ကွင်းလျားရှည်ကျေးရွာ၊ ရဟိုင်းကွင်းရွာနဲ့ ကျောင်းကုန်းကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်၊ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇူလိုင် ၁၀ ရက်နေ့ကလည်း အဲဒီ မြို့နယ်ထဲက ကုလားချောင်းကျေးရွာနဲ့ ပေါက်တူးရွာ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လေးယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
