ဇူလိုင် ၁၉ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ တာလုံ ကျေးရွာရှိ ဇတ်ကူးဆိပ်မှာ စက်လှေနဲ့ ဇက်ကူးတဲ့ ကားတစီး ရေထဲပြုတ်ကျပြီး နစ်မြုပ်သွားတာကြောင့် လူငါးယောက်လည်းပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ ကားတစီးက တဖက်ကမ်းမှာရှိတဲ့ ကျောက်မဲကို ကမ်းကူးသွားဖို့အတွက် စက်လှေနှစ်စီးပေါ်ကိုတက်စဥ်မှာ စက်လှေကြိုးပြတ်ပြီး ရေစီးနဲ့မျောသွားကာ စက်လှေရော ကားပါရေစီးနဲ့အတူ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
” ဟုတ်ပါတယ် ။ ပျောက်တဲ့သူတွေက ခုထိ ရှာမတွေ့သေးဘူး ဆိုရမှာပေါ့ ။ ” လို့ သီပေါမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ပြောပါတယ်။
စက်လှေသမားတွေနဲ့ ကားသမား စုစုပေါင်း ခုနှစ်ယောက်အနက်မှာ စက်လှေသမားနှစ်ယောက်က အသက်ရှင်ရက် ပြန်တွေ့ရပြီး ကျန်တဲ့ငါးယောက်ကတော့ ရေနစ်မြုပ်ပျောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
” မနက် ၂ နာရီခွဲကြီးဖြစ်တာ ။အဲဒီဘက်ကရှမ်းဂိတ်တွေဆိုတော့ ညဘက်လည်း သွားသူရှိရင်ပို့တာပဲ ။ အာရာဖတ်ကား လို့သိရတယ်။ လူနှစ်ယောက်ပဲ အသက်ရှင်ရက် ပြန်တွေ့ရတယ်ပြောတယ်။.ခုထိလည်း ပြန်မတွေ့သေးဘူး ။မြစ်ရေကတက်နေတယ်။ ရေစီးကလည်း တအားသန်နေတယ်။ကားသမားတွေက ကျောက်မဲ နောင်ပိန်ကလို့သိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ စက်လှေနဲ့ ကားနစ်မြုပ်တဲ့ ဇက်ကူးဆိပ်ကမ်းနယ်မြေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နယ်မြေဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ကလည်း သီပေါလှေဆိပ်မှာ လှေတစီး ကမ်းကပ်ချိန်မှာ တိမ်းမှောက်မှုဖြစ်ပွားမှုရှိခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
သီပေါ နဲ့ လားရှိုးကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို လူဖြတ်သန်းသွားလာခွင့်သာပြုထားပြီး ကားတွေ ဖြတ်သန်းသွားလာခွင့် မပြုသေးသလို ကုန်ပစ္စည်းသယ်ယူခွင့်လည်းမပေးသေးတာကြောင့် သီပေါလှေဆိပ်ကိုသုံးပြီး ပစ္စည်းသယ်ယူနေရသလို ကားတွေအနေတဲ့လည်း စက်လှေတွေနဲ့ ကမ်းကူးပြီး သွားလာနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါကြောင့် အခုလို မိုးရာသီကာလမှာ မိုးများပြီး ရေတက်ကာ ရေစီးသန်ချိန်မှာ မလိုအပ်ပဲ ရေကြာင်းခရီးနဲ့ ခရီးသွားလာခြင်းမပြုလုပ်ဖို့ ဒေသခံအချင်းချင်း သတိပေးပြောဆိုနေကြပါတယ်။
သီပေါတံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ကား ၊ ဆိုင်ကယ်် အားလုံး ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာ ဒီကနေ့အထိဖြစ်ပြီး ခုဆိုရင် တံတားပိတ်ထားချိန်ဟာ ၈ လကျော်ကြာရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ ( ပုံဟောင်း)
