အင်းတော်ကြီးဒေသ ဟဲပန်လမ်းခွဲတဝိုက်မှာ တိုက်ပွဲပြင်းထန်နေ

ဇူလိုင် ၁၉ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ဟဲပန်လမ်းခွဲတဝိုက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း မနေ့ ဇူလိုင် ၁၇ ရက်၊ မနက်အစောပိုင်းက အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာအနီးရှိ SNA တပ်စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ သိရပြီး အဲဒီစခန်းဟာ ဇူလိုင် ၂ ရက်က KIA တပ်တွေ လက်လွှတ်ခဲ့ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲက SNA ရဲ့ ကျားဖြူစစ်ကြောင်းက အင်အားအများအပြားနဲ့ ထိုးစစ်‌ ဖော်ဆောင်နေတာ။ ဟဲပန်လမ်းခွဲတဝိုက်မှာ နှစ်ဖက် စစ်ဆိုင်ထားတယ်။ SNA က နေရာပေါင်းစုံကနေ ဝင်ရောက် တိုက်ခိုက်နေတယ်။ ဒီဘက် KIA ဘက်ကလည်း တန်ပြန် တိုက်ခိုက်နေတယ်။ အထိအခိုက်လည်း များကြပါတယ်။ တိုက်ပွဲက ပစ်ခတ်သံတွေရော၊ လူနာတင်ကားသံတွေရော တောက်လျှောက် ဆူညံနေတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီလို တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း KIA က အင်းမြှီးဒေသက ရှမ်းနီရွာတွေမှာ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေသလို ငွေကြေးကောက်ခံမှုတွေလည်း ရှိနေတယ်လို့ သိရပြီး အင်းတော်ကြီးဒေသက ရှမ်းနီလူမျိုး အများဆုံးနေထိုင်တဲ့ မပြင်၊ ပန်းလား၊ လောဆွန့်၊ မန်ကင်း၊ လွဲပေါ၊ အိုင်လေးတူ၊ ချောင်းဝ အစရှိတဲ့ ကျေးရွာတွေမှာ တရွာကို လူ ငါးယောက်နှုန်း ပေးရမယ်လို့ KIA တပ်ရင်း (၄၄) က ဖိအားပေးနေတယ်လို့ သိရပါတယ်။
“KIA က သူတို့အတွက် တပ်သားသစ်ကို လူငယ်လူရွယ်တွေ၊ လူလွတ်တွေပဲ လိုချင်တယ်လို့ ပြောတယ်။ အတင်းအကျပ်ခေါ်တော့ မလိုက်မဖြစ် လိုက်သွားကြရတဲ့သူတွေ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ အင်းတော်ကြီးဒေသက လုံးတုံကျေးရွာတဝိုက်အပြင် နယ်မြေ ဆက်စပ်နေတဲ့ ဥရုချောင်းရိုး၊ ဖားကန့်ဒေသနဲ့ ဟုမ္မလင်းမြို့နယ် အစပ်နားက ရာလားတီး၊ ရွှေတွင်း၊ ပန်ချယ်နဲ့ ဆယ်ဇင်းဘက်တွေမှာလည်း တိုက်ပွဲတချို့ ရှိနေပြီး ကျေးရွာ၊ နေအိမ် ထိခိုက် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
SNA တပ်ရဲ့ ကျားဖြူစစ်ကြောင်းဟာ အင်းတော်ကြီးဒေသထဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက စတင် ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လမှာတော့ အင်းတော်ကြီူ အရှေ့ဘက်ခြမ်းရှိ ဟိုဖာကုန်း၊ ပတ္တမြားတောင် အစရှိတဲ့ KIA အထိုင်ချထားတဲ့ စခန်းနေရာတချို့ကို မြေပြင် ထိုးစစ်အပြင် လေကြောင်းကနေပါ တပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ကာ လက်ရှိမှာတော့ နန့်မွန်းမြို့၊ အင်းတော်ကြီးမြို့ (လုံးတုံ) နဲ့ အင်းအရှေ့ကမ်းက ဟဲပါးရွာအထိ ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW