ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူ ထွက်‌ပြေး လွတ်မြောက်နေ

ဇူလိုင် ၂၁ – ၂၀၂၆
SN (VOM)
အသက် နှစ်နှစ်နဲ့ ရှစ်လဝန်းကျင်အရွယ် မိန်းကလေးငယ်တယောက်ကို ခိုးယူ၊ နှိပ်စက်ကာ တောင်းရမ်းခိုင်းစားနေသူကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ​တောင်ပိုင်းမြို့နယ်ရှိ ၎င်းရဲ့ နေအိမ်ကနေ ဖမ်းမိပြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လွှတ်ပေးလိုက်တဲ့အတွက် လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဒဂုံ​မြို့သစ်တောင်ပိုင်း၊ ကျီစုအနီးရှိ လယ်ကွင်းတဲတခုမှာ နေထိုင်တဲ့ သန်းတိုးအောင် ဆိုသူဖြစ်ပြီး သမီးဖြစ်သူနဲ့အတူ ဒုက္ခရောက်နေဟန်နဲ့ တောင်းရမ်း စားသောက်နေသူဖြစ်ကာ ၎င်းရဲ့ အပြောကို ယုံကြည်သနားမိတဲ့ အမျိုးသမီးတယောက်က အကူအညီတွေ ရရှိနိုင်ဖို့ ဗီဒီယိုရိုက်ပြီး TikTok လူမှုကွန်ရက်မှာ တင်ပေးခဲ့ရာမှ ဖြစ်စဉ်အမှန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ကလေးအမေက TikTok မှာ ကလေးကို တွေ့လိုက်တော့ သူ့ကလေးပဲဆိုပြီး ဗီဒီယိုတင်တဲ့ ကျွန်မတို့အဒေါ်ကို ဆက်သွယ်လာတာ။ စပြီး ဆက်သွယ်တုန်းကတော့ သူလည်း အလှူငွေ လှူချင်တယ်၊ ဘယ်ကို လာပေးရမလဲဆိုပြီး ဆက်သွယ်တာ။ အဒေါ်က အိမ်လိပ်စာပေးလိုက်တော့ သူရောက်လာပြီး အဲဒီတော့မှ သူက ကလေးဓာတ်ပုံတွေပါပြပြီး ကလေးပျောက်နေတယ်၊ အဲဒီ ကလေးက သူ့ကလေးပါလို့ ပြောပြတာ။ အဲဒီတော့မှ ကျွန်မတို့လည်း အကြောင်းစုံ သိရတာ။ အခုက သူ့အမေ ဒီကလေးကို ရှာနေလို့သာ အမှုက ပေါ်တာ။ သူ့အမေသာ မရှာဘူးဆို ကျွန်မတို့လည်း ဒီအကြောင်းကို သိမှာမဟုတ်ဘူး” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ကလေးငယ် ပျောက်သွားတဲ့နေ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကဖြစ်တာကြောင့် ပြန်တွေ့တဲ့နေ့နဲ့ဆိုပါက ‌ကလေးပျောက်တာဟာ တလနဲ့ တရက်ရှိပြီလို့ သိရပြီး မိခင်ဖြစ်သူ ဈေးရောင်းချနေတဲ့ သီရိမင်္ဂလာဈေးကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
TikTok မှာ ဗီဒီယိုတင်ခဲ့သူဆီ ကလေးရဲ့မိခင် ရောက်လာပြီး အကျိုးအကြောင်း ရှင်းပြပြီးတဲ့နောက်မှာတော့ ၎င်းတို့ဟာ တာဝန်ရှိသူတွေကို အသိပေးကာ တခြားသော ကူညီသူတွေနဲ့အတူ အလှူငွေ သွားရောက် လှူဒါန်းမယ့်ပုံစံ ဟန်ဆောင်ပြီး ကလေးနဲ့ ကလေး ခိုးယူထားသူကို ခေါ်ထုတ်လာကာ ရပ်ကွက်ရုံးကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကလေးက ရပ်ကွက်ရုံးကို ရောက်တဲ့အချိန်အထိ လုံးဝ မငိုဘူး။ သန်းတိုးအောင်ရဲ့ မျက်နှာကိုကြည့်ပြီး၊ ငြိမ်ပြီး ကြောက်နေတာ။ သူ့အမေကို တွေ့မှသာငိုတော့တာ။ ကလေးအမေက သူ့ကလေးရရင် ကျေနပ်ပါပြီ၊ လူကြီးတွေ လုပ်သင့်လုပ်ထိုက်တာ လုပ်ပါဆိုပြီး လူကြီးတွေလက်ထဲ ကလေးခိုးတဲ့သူကို အပ်ခဲ့တာ။ သူ့မှာ နောက်ခံအင်အားလည်း မရှိတဲ့အတွက် အမှုဖွင့်မယ်ဆိုရင် အခက်အခဲတွေဖြစ်မယ်၊ အမှုအခင်းတွေလည်း နားမလည်ဘူး၊ ကျွန်မကလေး မသေဘဲနဲ့ ကျွန်မဆီ ပြန်ရောက်လာတာကိုပဲ ကျေးဇူးတင်လှပါပြီလို့ လူကြီးတွေ အကုန်လုံးကို တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့တာ။ အဲဒီလိုပြောပြီးတော့ ကျွန်မတို့က ကလေးကိုခေါ်ပြီး ဆေးခန်းပြဖို့ ထွက်လာလိုက်ကြတာ” လို့ သူက ပြောပါတယ်။
ကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ပေမယ့် ပြင်ပ ဒဏ်ရာလောက်သာ ထင်ခဲ့ကြပြီး ကလေးငယ်ဟာ အဲဒီအချိန်မှာ အရမ်းလည်း ဖျားနေတဲ့အပြင် တောက်လျှောက်လည်း အန်နေတဲ့အတွက် ဆေးခန်းပြဖို့ ထွက်သွားကြတာဖြစ်တယ်လို့ သူက ပြောပါတယ်။
လမ်းခုလပ်အရောက်မှာတော့ ကလေးက ဆီးသွားချင်တယ်လို့ ပြောလာတဲ့အတွက် ဆီးသွားဖို့လုပ်တဲ့အချိန်မှ ကလေးရဲ့ မိန်းမကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဆေးခန်းကို ရောက်ရှိချိန်မှာလည်း တာဝန်ကျဆရာဝန်က ကလေးရဲ့ဒဏ်ရာတွေဟာ သာမန်မဟုတ်တဲ့အတွက် ဆေးရုံတင်ဖို့ ပြောလာတယ်လို့ သူက ပြောပါတယ်။
“ကျွန်မတို့က ကလေးအခြေအနေကိုကြည့်ပြီး ဆေးခန်းကိုပဲ အရသွားလိုက်တာ။ ဆေးခန်းက ဆေးရုံတင်ရမယ်ပြောတယ်။ အဲဒါနဲ့ သန်းတိုးအောင်ကိုဖမ်းထားတဲ့ ရုံးခန်းကို ကျွန်မတို့ ချက်ချင်း ပြန်သွားတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးက သူ့ကိုငါ ရိုက်နှက်ဆုံးမပြီး ပြန်လွှတ်ပေးလိုက်ပြီ ပြောတယ်။ နာရီပိုင်းအတွင်းမှာပဲ ပြန်လွှတ်ပေးလိုက်တာ။ ကျွန်မတို့လည်း လွှတ်ခိုင်းလိုက်တာ မဟုတ်ဘူး။ မအေဖြစ်သူ ပြောလိုက်တဲ့ စကားတွေအပေါ်မှာ သူတို့က လွှတ်ပေးလိုက်တာ။ အခုက လူမှုကွန်ရက်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ မအေက သန်းတိုးအောင်နဲ့ အလိုတူ၊ အလိုပါ ဆိုပြီး ပြောနေကြတယ်။ တကယ့်အမှန်က ကလေးအမေက အမှုအကြောင်း နားမလည်လို့ ပြောလိုက်တဲ့စကားက အတည်လိုဖြစ်သွားပြီး လူကြီးတွေက သန်းတိုးအောင်ကို ပြန်လွှတ်ပေးလိုက်တာ” လို့ သူက ပြောပါတယ်။
ကလေးငယ်ဟာ ခြေကျင်းဝတ်၊ ကျောကုန်းနဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေ ရရှိထားသလို ပါးတွေကိုလည်း ရိုက်နှက်ခံထားရပြီး မိန်းမကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိထားတာကြောင့် ကနဦးမှာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပေမယ့် ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာတော့ ဟယ်လ်ပင်ဆေးရုံကို လွှဲပြောင်း ဆေးကုသမှု ခံယူရမှာဖြစ်တယ်လို့ သိရပါတယ်။
“မိန်းမကိုယ်ဒဏ်ရာ အခြေအနေက ခုချိန်အထိ ဆေးမစစ်ရသေးဘူး။ အဲဒီတော့ အကြောင်းရင်း မသိရသေးဘူး။ ‌အခုက ခေါင်းကဒဏ်ရာကိုပဲ စစ်နေကြတယ်။ အများကြီးလည်း စစ်ရဦးမယ်ပြောတယ်။ အဲဒီတော့ ဘယ်ဒဏ်ရာကိုမှ ဘာဖြစ်တယ်ဆိုတာကို အတည်ပြုလို့ မရသေးဘူး” လို့ သူက ပြောပါတယ်။
ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ သီရိမင်္ဂလာဈေးမှာ ဈေးရောင်းတဲ့သူဖြစ်ကာ အဲဒီ ဈေးရောင်းချတဲ့ နေရာမှာပဲ မိသားစုလိုက် တန်းစီပြီးအိပ်ကြတာဖြစ်ပြီး သားသမီး လေးယောက်ရှိကာ ခိုးယူခံလိုက်ရတဲ့ကလေးက အငယ်ဆုံးဖြစ်ပြီး ကလေးတွေရဲ့ ဖခင်ဖြစ်သူကတော့ လေဖြတ်ထားတာကြောင့် အိပ်ယာထဲ လဲနေတယ်လို့ သိရပါတယ်။
“ကလေးခိုးတဲ့သူက အဲဒီဈေးမှာ လာအိပ်ရင်း မအေက ရှေ့မှာ ဈေးရောင်းနေတုန်း အနောက်ကနေ ကလေးကို ခိုးသွားတာ။ ကလေး‌ကိုခေါ်သွားပြီး သူနေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လို ပြောထားလဲဆိုတော့ ဒီကလေးရဲ့ အမေကို စည်ပင်တွေ ဖမ်းသွားလို့ ကလေးကိုသနား ခေါ်လာတာဆိုပြီး ပြောထားတာ။ ပြီးတော့သူက လောင်းကစားသမား။ ရတဲ့ပိုက်ဆံတွေ အကုန်လုံးကို ဖဲရိုက်ပစ်တယ်လို့ သိရတယ်။ ဒီကလေးအရင် တခြား ကလေးတယောက်လည်း ရှိခဲ့သေးတယ်၊ အဲဒါကတော့ သူ့ကလေးလို့လည်း ပြောတယ်။ ကျွန်မတို့တော့ ဂဃနဏ မသိဘူး” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကလေးကိုပြန်တွေ့တဲ့ ဇူလိုင် ၁၈ ရက်နေ့မှာပဲ သက်ဆိုင်ရာ လှိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရတာကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ VOM သတင်းဌာနက အဲဒီ ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အခုလို ဖြစ်စဉ်တွေဟာ နေရာအနှံ့အပြားမှာ ရှိနေတာဖြစ်ပြီး မန္တလေးမြို့မှာလည်း ကလေးငယ်တွေကို ဖမ်းဆီးနှိပ်စက်ကာ တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေရှိနေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့က အရေးယူမှု အားနည်းနေဆဲ ဖြစ်တာကို ပြည်သူတွေကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
မန္တလေးမြို့တွင်း လူစည်ကားရာ လမ်းမကြီးတွေဖြစ်တဲ့ ၂၆ လမ်း၊ ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၈၀၊ ၆၂ လမ်းနဲ့ ဘူတာကြီး စတဲ့ နေရာတွေမှာ ကလေးငယ်တွေ အဖွဲ့လိုက် တောင်းရမ်းနေတတ်ပြီး အဲဒီ နေရာတွေဟာ ယာဉ်အသွားအလာများတဲ့ နေရာ‌တွေဖြစ်တာကြောင့် လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်တွေသာမက လမ်းသွားလမ်းလာတွေပါ ယာဉ်အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
ရုပ်သံ – ပေးပို့

Related posts

Leave a Comment

VOM News

FREE
VIEW