ငလျင်နဲ့ ကိုဗစ်အကျိုးဆက်ကြောင့် မြန်မာ့ရုပ်သေးအနုပညာ ထိန်းသိမ်းရေး ပိုမိုခက်ခဲလာဟု ရုပ်သေးကော်မတီဥက္ကဋ္ဌပြော

ဇူလိုင် ၂၁- ၂၀၂၆
NW(VOM)
ကိုဗစ်ကပ်ရောဂါနဲ့ မန္တလေးငလျင်ရဲ့ အကျိုးဆက်တွေကြောင့် မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ ဖျော်ဖြေတင်ဆက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုခက်ခဲလာ တယ်လို့ မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဋ္ဌဒေါ်မမနိုင်က ပြောပါတယ်။
ရုပ်သေးသဘင်ကို မန္တလေးတောင်ခြေရှိ ရုပ်သေးပြဇာတ်ရုံမှာ ကိုဗစ်မတိုင်ခင်က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကထား ဖျော်ဖြေခဲ့ပေမယ့် ကိုဗစ်နောက်ပိုင်း ပွဲအရေအတွက် လျော့နည်းလာခဲ့ပြီး မန္တလေးငလျင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြို့ရဲ့ အခြေအနေကြောင့် ဖျော်ဖြေမှုတွေ ရပ်တန့်သွားသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ Governor’s Residence နဲ့ ပူးပေါင်းကာ ရုပ်သေး ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး ခရီးသွားဧည့်သည်တွေနဲ့ နိုင်ငံခြား သံရုံး မိသားစုတွေ လာရောက်ကြည့်ရှုမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ယနေ့ခေတ် လူငယ်တွေနဲ့ ကလေးငယ်အများစုဟာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာကို မသိရှိတော့တဲ့အတွက် ကျောင်းတွေကို ကိုယ်တိုင်သွားရောက် ဖျော်ဖြေပြသကာ အနုပညာရဲ့ တန်ဖိုးကို သိရှိမြတ်နိုးလာစေဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။”ကလေးတွေနဲ့ လူငယ်တွေ ရုပ်သေးကို သိစေချင်တယ်။ တန်ဖိုးထားတတ်ပြီး မြတ်နိုးလာစေချင်တယ်။ လူကြီးတွေက ချပြပေးမှ ကလေးတွေ သိလာမှာပါ” လို့ သူက ပြောပါတယ်။
ရုပ်သေးအနုပညာ ပြန့်ပွားလာစေဖို့အတွက် မွေးနေ့ပွဲ၊ အခမ်းအနားတွေအပါအဝင် ဖျော်ဖြေပွဲတွေကို အခကြေးငွေ သတ်မှတ်မထားဘဲ ဖိတ်ခေါ်သူအနေနဲ့ တတ်နိုင်သလောက်သာ ပေးချေနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံ ရုပ်သေးကော်မတီအနေနဲ့လည်း ကိုဗစ်မတိုင်ခင်က နိုင်ငံပေါင်း ၁၀ နိုင်ငံကို ဖိတ်ကြားပြီး ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ နိုင်ငံတကာ ရုပ်သေးပွဲတော် ကျင်းပနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်မီ အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မန္တလေးနဲ့ ရန်ကုန်ရှိ စာသင်ကျောင်းတွေမှာ ရုပ်သေးဖျော်ဖြေပွဲ တွေ ဆက်လက်ပြုလုပ်ဖို့ စီစဉ်နေသလို စိတ်ဝင်စားသူ လူငယ်တွေကိုလည်း အခမဲ့ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ ရုပ်သေးပညာကို သင်ယူရာမှာ အရုပ်အ လေးချိန်ကြောင့် အစပိုင်းကာလအတွင်း လက်နာခြင်း၊ ပင်ပန်းခြင်းတွေရှိပြီး သင်တန်းသားအများစု လက်လျှော့လေ့ရှိပေမယ့် ဇွဲရှိရှိ လေ့ကျင့်နိုင်သူတွေကတော့ အောင်မြင်တဲ့ ရုပ်သေးပညာရှင်တွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်ဖြစ်တဲ့ ရုပ်သေးသဘင်ပညာ ရေရှည် တည်တံ့ခိုင်မြဲစေဖို့ ရည်ရွယ်ပြီး မြန်မာ့ရုပ်သေးစကားဝိုင်းကိုလည်း ရန်ကုန်မြို့ရှိ Governor’s Residence မှာ ယနေ့ ဇူလိုင်၂၀ရက်က ကျင်းပခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW