ဇူလိုင် ၂၁ ၊ ၂၀၂၆
GG (VOM)
နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်မှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံနှစ်ယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်အပြင် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ပါ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တရားခံတွေဖြစ်တဲ့ ကျော်ထက်ဦး နဲ့ အောင်သူဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် နဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ ပျဉ်းမနားခရိုင်တရားရုံးက မနေ့က ဇူလိုင် ၂၀ရက်မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။
အမှုဖြစ်ပွားပြီး တနှစ်ကြာပြီးနောက်မှာမှ ခုလို ကြီးလေးတဲ့ပြစ်ဒဏ်ကို အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” အမှုက တကယ်ဆို ဖြစ်တာ မနှစ်က ဒီအချိန်မှာဖြစ်တာကို ဖြစ်ဖြစ်ချင်းပဲ တရားခံကိုလည်းမိခဲ့တယ်။ အဲဒါကို အမှုက အခုတနှစ်ကြာမှ အမိန့်ချနိုင်တယ် ။ ကျူးလွန်ကြောင်းလည်း ထင်ရှားတဲ့ လူသတ် ပစ္စည်းလုတဲ့အမှုတွေဆို မြန်မြန် အမိန့်ချစေချင်တယ်။ အမိန့်ချတဲ့အချိန်ကြာပေမယ့် ခုလို ပြစ်ဒဏ်အကြီးချတဲ့အတွက်တော့ ဝမ်းသာတယ်။ ဒီလို လူတွေက လွတ်ငြိမ်းတဲ့ပြန်လွတ်လာရင်လည်း ဒီလိုလူသတ် လုယက်မှုတွေ လုပ်နေအုံးမှာပဲ ။ ” လို့ ဖြစ်စဥ်သိတဲ့ နေပြည်တော် ဒေသအခြေစိုက် လူမှုကူညီရေး သမားတယောက်က ပြောပါတယ် ။
လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၂၈ ရက်နေ့မှာ ၊ သီရိရတနာအဆင့်မြင့်ဈေး ဆိုင်းဘုတ်အနီး သီရိအနော်ရထာ (၁၁)လမ်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်ဝင်းထွန်းကို ဓားနဲ့ထိုးပြီး ဆိုင်ကယ်ကို လုယက်သွားတာဖြစ်ပါတယ်။
အဲဒီနောက်မှာ တရားခံတွေဖြစ်တဲ့ ကျော်ထက်ဦးနဲ့ အောင်သူဝင်း (ခ) ကိုသူတို့တို့ကိုတော့ CCTV မှတ်တမ်းတွေအရ ဇူလိုင် ၃၀ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပြီး ပျဉ်းမနားခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ပစ္စည်းလုယက်ခဲ့တဲ့ တရားခံ နှစ်ယောက်ကိုလည်း မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်အပြင် ထောင်နှစ် ၇၀ ပါ ကျခံဖို့ ဥတ္တရသီရိမြို့နယ်တရားရုံးက ဇန်နဝါရီ ၂၈ ရက်နေ့က အမိန့်ချမှတ်မှု ရှိခဲ့ပါတယ်။
