ဇူလိုင် ၂၁ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်အတွင်း မနေ့ ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က စက်တပ် လှေငယ်တစီး တိမ်းမှောက်ခဲ့ပြီး ငါးယောက် ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီ စက်တပ် လှေငယ်ပေါ်မှာ အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း ခုနစ်ယောက် လိုက်ပါလာတာဖြစ်ပြီး အခင်းဖြစ်ပြီးနောက် အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမယ့် အမျိုးသား ငါးယောက်ကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မှောက်တဲ့လှေက စက်လှေကြီးမဟုတ်ဘူး။ လှေအသေးစားလေးကို စက်လေးတပ်ထားတာ။ သူတို့က ဟိုဘက်ကမ်းကိုဖြတ်တာ။ ရွာအလှူပွဲကို ပြန်ကြမယ့်သူတွေလို့ သိရတယ်။ လှေက မောင်းနေရင်း စက်သေသွားတော့ ရေစီးကြောင်းနဲ့ မျောပါသွားပြီး ဖလက်ရေယာဉ်ကြီးအောက်ကို ဝင်သွားတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်မှုနဲ့ ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကွေ့ကြီး၊ ရန်ကင်း၊ မြို့သစ်၊ နန္ဒဝန်၊ စစ်ပင်၊ အောင်ချမ်းသာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ပျောက်ဆုံးနေသူတွေကို ရှာဖို့က အောက်မှာ ရေစီးအားကလည်း သန်နေတယ်၊ တခြား စက်လှေတွေကလည်း အတန်းလိုက်၊ အများကြီး ရှိနေတာဆိုတော့ ရှာရတော့ ခက်တာပေါ့။ လက်ရှိအချိန်အထိတော့ ရှာဖွေရေးလုပ်ငန်းကို ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ အခုလို မြစ်ရေ တက်နေတဲ့အချိန်၊ ရေစီးအား သန်နေတဲ့အချိန်မှာ အဲဒီလို စက်ရေယာဉ်လေးတွေနဲ့ ချင်းတွင်းမြစ်ကို ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း မကူးတာ အကောင်းဆုံးပါပဲ။ ရေစီးအား တအားကြမ်းတော့ စက်လေးတွေက တအားရုန်းပြီး ကူးရတာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး မကူးတာ အကောင်းဆုံးပါပဲ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တာလုံကျေးရွာရှိ ဇက်ကူးဆိပ်မှာ မြစ်ဖြတ်ကူးမယ့် ကားတစီးကို ဇက်ပေါ် တင်ဆောင်နေစဉ် ဇက်ကြိုး ပြတ်တောက်သွားခဲ့တာကြောင့် ဇက်ပေါ်ပါလာသူ ခုနစ်ယောက်အနက် ငါးယောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကင်းချောင်းကို ဖြတ်ကူးလာတဲ့ စက်လှေတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၃၅ ယောက်အနက် အမျိုးသမီး ငါးယောက်နဲ့ အမျိုးသား ခြောက်ယောက်၊ စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့ကာ ၂၄ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ခရီးသည် အမျိုးသမီး ခုနစ်ယောက် လိုက်ပါလာတဲ့ စက်လှေတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန
