သီ​ပေါ တာလုံဖောင်ဆိပ်မှာ ပျောက်ဆုံးသွားတဲ့ အမျိုးသားငါးယောက် သုံးရက်ကြာတဲ့ အထိ ပြန်မတွေ့ သေး

ဇူလိုင်၂၁၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် တာလုံကျေးရွာ ဖောင်ဆိပ်မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက ဖောင်တိမ်းမှောက်ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားတဲ့ အမျိုးသား ငါးယောက်ကို ဇူလိုင် ၂၁ ဒီနေ့အထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
အခုလ ၁၉ ရက်နေ့ မနက် ၂ နာရီမှာ သီပေါ ဒုဋ္ဌဝတီမြစ်ကို ဖောင်ဆိပ်ကနေ ကူးဖို့လုပ်နေချိန် ဖောင်တိမ်းမှောက်လို့ လူခုနှစ်ဦးနဲ့ ကားတစ်စီး ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။
ဖောင်လုပ်သား နှစ်ဦးပဲ ကမ်းကို ကူးလာနိုင်ပြီး ကျန်တဲ့ အမျိုးသား ငါးဦးနဲ့ ယာဉ်ကတော့ ရေစီးနဲ့ ပါသွားခဲ့ပါတယ်။
ရေစီးထဲ ပါသွားတဲ့ အမျိုးသားတွေဟာ အသက် ၂၀ ကနေ ၃၀ ကျော်အရွယ် တွေ ဖြစ်ပြီး အဲဒီထဲက အမျိုးသား သုံးယောက်က ကျောက်မဲမြို့နယ် နောင်ပိန် ရွာက ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ရေစီးက သန်တော့ ရှာဖို့တော့ မလွယ်ဘူးဗျ။ ပျောက်နေတဲ့သူတွေလည်း ရှာမရသေးဘူး။ ကယ်ဆယ်ရေးတော့ လုပ်နေတုန်းပဲ” လို့ နောင်ပိန်ရွာခံ တစ်ယောက်က ပြောပါတယ်။
ပျောက်သွားတဲ့သူတွေကို ဒေသခံတွေနဲ့ နောင်ပိန်ရွာ ပရဟိတအဖွဲ့အချို့က မြစ်တစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်နေကြတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက လားရှိုး-သီပေါလမ်းပေါ်က သီပေါတံတားကို အစိုးရတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ခရီးသွား တွေဟာ သီပေါ ဒုဌဝတီမြစ်ကို ဖောင်တွေနဲ့ စက်လှေတွေ အသုံးပြုပြီး ကူးနေ ကြရတာပါ။
တာလုံဖောင်ဆိပ်ဟာ သီပေါမြို့နဲ့ ၁၀ မိုင်အကွာ နမ့်လန်လမ်းပေါ်က တာလုံ ရွာ မှာ ရှိပါတယ်။ အဲဒီဖောင်ဆိပ်ကနေ ကားအသေးတွေကို တစ်စီးကို ကျပ်တစ်သိန်းကနေ သုံးသိန်းအထိ ကားအမျိုးအစားအလိုက် ဖြတ်သန်း ခပေးပြီး သွားလာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သီပေါစက်လှေဆိပ်ကတော့ သီပေါတံတားနဲ့ နှစ်မိုင်လောက်သာ ကွာပါတယ်။ အဲဒီစက်လှေဆိပ်ကနေတော့ လူနဲ့ ကုန်ပစ္စည်းတွေကိုပဲ ဖြတ်သန်းနိုင်ပါတယ်။
ဖြတ်သန်းခအနေနဲ့ လူတစ်ယောက်ကို ကျပ်ငါးထောင်ကနေ ပစ္စည်းပါရှိ တဲ့အပေါ်မူတည်ပြီး ကျပ်နှစ်သောင်းအထိ ပေးရတယ်လို့ ခရီးသွားတွေထံ ကနေသိရပါတယ်။
ဆိုင်ကယ်တစ်စီးကိုတော့ ဖြတ်သန်းခ ကျပ်တစ်သောင်းခွဲ ပေးရတယ်လို့ ခရီးသွားတွေကပြောပါတယ်။
လက်ရှိ မိုးတွင်းကာလမှာ သီပေါ ဒုဌဝတီမြစ် ရေတက်နေတာကြောင့် ခရီးသွားတွေအတွက် အခက်အခဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုလ ၁၇ ရက်နေ့ကလည်း သီပေါစက်လှေဆိပ်မှာ လှေတစ်စီး ကမ်းကပ်ချိန် တိမ်းမှောက်ခဲ့ပါတယ်။
သီပေါတံတားပိတ်ထားလို့ ရေလမ်းကနေ ခရီးသွားနေရတဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြည်​ထောင်စုအဆင့်​ ပြောခွင့်ရသူနဲ့ ရှမ်းပြည်နယ်‌ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူကို VOM ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။
သီပေါမြို့နယ် ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းပြီး မေးမြန်းဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW