ဇူလိုင် ၂၅၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့က အမျိုးသား သုံးယောက် K ရှူလွန်ပြီး နှစ်ယောက်သေဆုံး၊ တယောက် ဆေးကုသနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ်မှာပါ။ K ရှူတာ။ တယောက်က KTV မှာ သေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
KTV မှာ K ရှူတာ အမျိုးသား သုံးယောက် ဖြစ်ပြီး နှစ်ယောက်ကို အရေးပေါ် ဆေးရုံပို့ထားပေမယ့် နှစ်ယောက်လုံး အခြေအနေ မကောင်းဘူးလို့ သူက ပြောပါတယ်။
မူဆယ်က KTV တခုရဲ့ သီးသန့်ခန်းမှာ ဖြစ်ပွားတာဖြစ်ပြီး အမျိုးသား သုံးယောက် ထဲက တယောက်က အဲဒီ သီးသန့်ခန်းမှာပဲ အချိုရည် ထိုင်သောက်နေရင်း သေဆုံးသွားတာ လို့ သိရတယ်လို့ သူက ပြောပါတယ်။
“ဟုတ်တယ်၊ ဟုတ်တယ်။ သုံးယောက်။ နှစ်ယောက် ဆုံးသွားတယ်။ တနေ့က ဖြစ်တာ။ ဇူလိုင်လ ၂၂ ရက်က ဟုတ်တယ်။ နှစ်ယောက်က ဒီက မနိုင်လို့ တရုတ်ပြည်လည်း ပို့ပေးတယ်။ တရုတ်က မူးယစ်ဆေးဝါး သုံးစွဲတာတွေ မရဘူး။ မရတဲ့အခါကျတော့ လားရှိုးကို ပို့တာ။ လားရှိုးပို့တော့ လားရှိုးကိုသွားရင်းနဲ့ လမ်းမှာတင် တယောက် ဆုံးသွားတော့ ကားက တစီးထဲသွားတာဆိုတော့ ပြန်လှည့်လာတာ။ တယောက်က မူဆယ်မှာ။” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မူးယစ်ဆေးဝါး အလွန်အကျွံ သုံးထားသူတွေက မူဆယ် ဒေသခံတွေတော့ မဟုတ်ပေမယ်ံ ဘယ်သူဆိုတာ နာမည် နဲ့ နေရပ်တော့ သေချာမသိဘူးလို့ သူက ပြောပါတယ်။ အဲလိုမျိုး ဖြစ်စဉ်တွေ မူဆယ်မှာ ခဏခဏ ကြုံရတယ်လို့လည်း သူက ပြောပါတယ်။
KTV ရဲ့ နာမည်ကိုတော့ သတင်းရင်းမြစ်တွေက ထုတ်ဖော် ပြောပြတာ မရှိပေမယ့် အဲဒီ KTV က နာမည်ကြီး KTV ဖြစ်ပြီး လာရောက်တဲ့ ဖောက်သယ်တွေအတွက် လိုအပ်တဲ့ မူးယစ်ဆေးဝါးမျိုးစုံ ရနိုင်သလို လိင်ဖျော်ဖြေရေးအတွက် မိန်းကလေးငယ်တွေကို ခေါ်ယူနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo, Video Crd# ဒေသခံ
