ဟိမဝန္တာမှ ပရိုမီးသီးယပ်စ် သို့မဟုတ် စနစ်ဟောင်းကို မီးတင်ရှို့သူ

MT(VOM)
၂၀၀၉ ခုနှစ်က ရုံတင်ခဲ့တဲ့ Three Idiots ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်း “ရမ်ချိုဒါးစ် ရှာမားဒါးစ် ချန်ချာ့ဒ်” (Rancho) ဆိုတဲ့ ကောင်လေးကို ပရိသတ်တွေ မေ့နိုင်ကြမည် မဟုတ်ပါ။ စာအုပ်ထဲက စာတွေကို ကြက်တူရွေးလို ကျက်မှတ်တာကို စက်ဆုပ်ပြီး သင်ခန်းစာရဲ့ အနှစ်သာရကိုပဲ လိုက်ရှာတတ်သူ၊ စနစ်ဟောင်းရဲ့ တင်းကျပ်မှုတွေကို ပြုံးပြုံးလေးနဲ့ စိန်ခေါ်ရင်း “အောင်မြင်အောင် မလုပ်နဲ့၊ အတော်ဆုံးဖြစ်အောင်လုပ်၊ အောင်မြင်မှုဆိုတာ နောက်က ထက်ကြပ်မကွာ လိုက်လာလိမ့်မယ်” လို့ ရဲရဲဝံ့ဝံ့ ဟောပြောခဲ့တဲ့ ထူးဆန်းဆန်း ဇာတ်ကောင်။
ဒါပေမဲ့ ဒီဇာတ်ကောင်ဟာ ရုပ်ရှင်ဒါရိုက်တာရဲ့ စိတ်ကူးယဉ် သက်သက် မဟုတ်ခဲ့ပါ။ စိမ်းစိုစို တောင်တန်းတွေ၊ ဆီးနှင်းဖုံးတဲ့ လာဒတ်ခ် (Ladakh) ဒေသရဲ့ လေထုထဲမှာ တကယ်စက်သွင်း လှုပ်ရှားနေတဲ့ “တကယ့်ဘဝက ရမ်ချို” တစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဆိုနမ် ဝမ်ချက်ခ် (Sonam Wangchuk) တဲ့။
၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ လာဒတ်ခ်ဒေသရဲ့ အထီးကျန်ဆန်လှတဲ့ အူလေတုတ်ပို (Uleytokpo) ရွာလေးထဲမှာ ဝမ်ချက်ခ်ကို မွေးဖွားခဲ့ပါတယ်။ အနီးအနားမှာ ကျောင်းရယ်လို့ မရှိခဲ့တာကြောင့် အသက် ၉ နှစ်အထိ ကျောင်းမတက်ခဲ့ရဘဲ အမေဖြစ်သူဆိကနေပဲ မိခင်ဘာသာစကားနဲ့ အခြေခံ စာပေတွေကို သင်ယူခဲ့ရတယ်။ ဒါပေမဲ့ ဒီ “ကျောင်းပြင်ပ” ကလေးဘဝဟာ သူ့အတွက်တော့ မင်္ဂလာတစ်ပါး ဖြစ်ခဲ့ပါတယ်။ သဘာဝတ္ထဗေဒကို စာအုပ်ထဲက မဟုတ်ဘဲ တောင်တန်းတွေ၊ မြစ်ချောင်းတွေနဲ့ စိုက်ခင်းတွေထဲကနေ တိုက်ရိုက် စမ်းသပ်လေ့လာခွင့် ရခဲ့လို့ပါပဲ။
အသက် ၉ နှစ်ရောက်မှ သရီနဂရ် (Srinagar) မြို့က ကျောင်းမှာ စတင်ကျောင်း‌တက်ခဲ့ရပေမဲ့၊ ဘာသာစကား မတူညီမှုနဲ့ ကျက်ဆွဲပညာရေးစနစ်ကြောင့် သူဟာ စနစ်နဲ့ အမြဲတမ်း စိမ်းကားနေခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အမျိုးသားနည်းပညာတက္ကသိုလ် (NIT Srinagar) ကနေ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) ဘွဲ့ကို ရရှိခဲ့ပါတယ်။
စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက်အဖြစ် အေးဆေးစွာ လုပ်ကိုင်စားသောက်နိုင်ခဲ့ပေမဲ့၊ သူဟာ မိခင်ဒေသရဲ့ ပညာရေးကျရှုံးမှုကို ကြည့်ပြီး မျက်နှာလွှဲမသွားနိုင်ခဲ့ပါဘူး။ လာဒတ်ခ်မှာ ၁၀ တန်း စာမေးပွဲ ကျရှုံးသူနှုန်းဟာ ၉၅ ရာခိုင်နှုန်းအထိ ရှိနေခဲ့တာပါ။ ဝမ်ချက်ခ်က “စာမေးပွဲကျတာ ကလေးတွေရဲ့ အပြစ်မဟုတ်ဘူး၊ ဒေသရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ မကိုက်ညီတဲ့ ဗဟိုက ချမှတ်ထားတဲ့ ပညာရေးစနစ်ရဲ့ အပြစ်” လို့ အခိုင်အမာ ယုံကြည်ခဲ့သူပါ။
ဒီလိုနဲ့ ၁၉၈၈ ခုနှစ်မှာ သူဟာ လာဒတ်ခ်ဒေသရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ SECMOL (Students’ Educational and Cultural Movement of Ladakh) ဆိုတဲ့ ကျောင်းကို စတင်တည်ထောင်ခဲ့ပါတယ်။ ဒီကျောင်းဟာ သာမန်ကျောင်းတွေလို စာမကျက်နိုင်လို့ စာမေးပွဲ ကျရှုံးခဲ့တဲ့ ကလေးတွေကိုပဲ သီးသန့် လက်ခံတာပါ။ သူတို့ကျောင်းမှာ စာအုပ်ထဲက သီအိုရီတွေကို အလွတ်ကျက်စရာ မလိုဘဲ နေရောင်ခြည်စွမ်းအင်သုံး အိမ်ဆောက်တာ၊ ဆောင်းရာသီမှာ ရေရှားပါးမှုကို ဖြေရှင်းဖို့ သဘာဝတ္ထဗေဒ နည်းလမ်းနဲ့ ရေခဲတောင်တု (Ice Stupa) ပြုလုပ်ပြီး စိုက်ပျိုးရေ ဖန်တီးတာတွေကို လက်တွေ့ သင်ယူကြရပါတယ်။
ရုပ်ရှင်ထဲမှာတော့ ရမ်ချိုဟာ အဆုံးသတ်မှာ လှပတဲ့ ကျောင်းလေးတစ်ကျောင်းကို တည်ထောင်ပြီး ကလေးတွေကို လွတ်လပ်စွာ သင်ယူခွင့် ပေးထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ရုပ်ရှင်နဲ့ တကယ့်ဘဝရဲ့ ကွာခြားချက်က ဒီမှာ စတာပါပဲ။
ရုပ်ရှင်မှာတော့ ကြည့်ရှုသူကို ကြည်နူးစေမယ့် ပျော်ရွှင်စရာ အဆုံးသတ် (Happy Ending) နဲ့ ဇာတ်သိမ်းသွားခဲ့ပေမဲ့၊ တကယ့်ပြင်ပကမ္ဘာမှာတော့ ဝမ်ချက်ခ်ရဲ့ တိုက်ပွဲဟာ ကျောင်းဝင်းလေးထဲမှာတင် ပြီးမသွားခဲ့ပါ။ တကယ့်ဘဝက ဟိမဝန္တာတောင်တန်းတွေထက် ပိုမို ရှုပ်ထွေး၊ ပိုမို အေးစက်လှပါတယ်။
ဝမ်ချက်ခ်ဟာ အင်ဂျင်နီယာတစ်ယောက်၊ ပညာရေး ပြုပြင်ပြောင်းလဲသူတစ်ယောက် အဖြစ်နဲ့တင် ရပ်တန့်မနေခဲ့ပါ။ ဟိမဝန္တာ တောင်တန်းတွေရဲ့ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝသယံဇာတတွေကို စက်ရုံကြီးတွေက စုတ်ယူဝါးမြိုနေမှုနဲ့ လာဒတ်ခ်ပြည်သူတွေရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု ရပိုင်ခွင့်တွေ ပျောက်ဆုံးနေတာကို သူ ငြိမ်ခံမနေနိုင်ခဲ့ပါဘူး။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ သူဟာ ဟိမဝန္တာရဲ့ ဂေဟစနစ်နဲ့ ဒေသခံတို့ရဲ့ ရပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် အိန္ဒိယအစိုးရကို ထိထိရောက်ရောက် စိန်ခေါ်သူ ဖြစ်လာခဲ့ပါတယ်။ လာဒတ်ခ်ဒေသကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၆) ဇယား (6th Schedule) အောက်မှာ ထည့်သွင်းပေးဖို့—ဒေသခံတွေ ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ မြေယာကို စီမံခန့်ခွဲခွင့် ရရှိဖို့အတွက် သူ အသံကုန် အော်ဟစ်ခဲ့ပါတယ်။
သူ၏ တောင်းဆိုမှုများ၊ တိုက်ပွဲများကြောင့် အာဏာပိုင်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ်များ၊ အိမ် အကျယ်ချုပ်ချခံရမှုများကိုပါ ကြုံတွေ့ခဲ့ရပေမဲ့ ဝမ်ချက်ခ်ဟာ ငြိမ်သက်မသွားခဲ့ပါ။
မကြာသေးမီက အာဏာပိုင်များက အလုပ်လက်မဲ့ လူငယ်များနှင့် လှုပ်ရှားသူများကို “လူမှုအဖွဲ့အစည်းရဲ့ပိုးဟပ်တွေ (Cockroaches)” ဟု နှိမ့်ချသုံးနှုန်းခဲ့သည့် ဖြစ်စဉ်တစ်ခု စတင်ခဲ့ပါတယ်။ ဒါကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယလူငယ်များနှင့် ဝမ်ချက်ခ်တို့ဟာ Cockroach Party (ပိုးဟပ်ပါတီ) ဆိုသည့် သရော်စာ ပုံစံ လူထုလှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။ ဖိနှိပ်ခံရသူတွေ၊ အသံဖျောက်ခံထားရသူတွေဟာ ပိုးဟပ်တွေလိုပဲ မာကြောရမယ်၊ ဘယ်လို နင်းခြေမှုမျိုးမှာမဆို မသေတမ်း ရုန်းကန်ရမယ်ဆိုတဲ့ သင်္ကေတနဲ့ပေါ့။
အာဏာပိုင်တွေရဲ့ မသိကျိုးနွံပြုမှုကို တုံ့ပြန်တဲ့အနေနဲ့ ဝမ်ချက်ခ်ဟာ အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ်အထိ အေးစက်လှတဲ့ ဟိမဝန္တာ ရေခဲတောင်ထက်မှာ ရက်ပေါင်း ၂၀ ကျော်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။
ဆီးနှင်းတွေ ကျဆင်းနေတဲ့ မိုးကောင်းကင်အောက်၊ ရေခဲမှတ်အောက် အပူချိန်မှာ အသက်အရွယ် ရလာပြီဖြစ်တဲ့ အင်ဂျင်နီယာကြီးတစ်ယောက်ဟာ သူ့ပြည်သူတွေရဲ့ အနာဂတ်အတွက်၊ ဟိမဝန္တာရဲ့ စိမ်းလန်းမှုတွေ မပျက်စီးရေးအတွက် အသက် နဲ့ ခန္ဓာကိုယ်ကို ရင်းနှီး‌ ပေးဆပ်နေခဲ့ပါတယ်။ ရုပ်ရှင်ထဲက ရမ်ချိုဟာ ဟာသတွေနဲ့ ပြုံးပြနိုင်ခဲ့ပေမဲ့၊ တကယ့်ဘဝက ဝမ်ချက်ခ်ကတော့ မျက်ရည်၊ ချွေး၊ ရေခဲတွေကြားမှာ ဒူးမထောက်ဘဲ အမှန်တရားအတွက် ကူးခတ်နေခဲ့တာပါ။
ဆိုနမ် ဝမ်ချက်ခ်ရဲ့ အကြောင်းကို စဉ်းစားကြည့်ရင် ကျွန်တော်တို့ဟာ လူတစ်ယောက်ရဲ့ ဝိညာဉ်ဘယ်လောက်အထိ အစွမ်းထက်နိုင်သလဲဆိုတာ တွေ့ရလိမ့်မယ်။ကျောင်းမတက်ခဲ့ရတဲ့ ကလေးဘဝကနေ အင်ဂျင်နီယာဖြစ်လာသူ၊ ပညာရေးကို တော်လှန်ခဲ့သူ၊ သဘာဝတ္ထဗေဒကို လူထုအကျိုးပြု နည်းပညာအဖြစ် ပြောင်းလဲခဲ့သူ၊ နောက်ဆုံးတော့ မိမိဒေသ၏ လွတ်လပ်မှုနှင့် စနစ်ဟောင်း၏ မတရားမှုများကို ခန္ဓာကိုယ်ကို ရင်းပြီး တိုက်ပွဲဝင်ခဲ့သူ။
Three Idiots ရုပ်ရှင်ထဲမှာတော့ ကျွန်တော်တို့ ရယ်မောခဲ့ကြရတယ်၊ ကြည်နူးခဲ့ကြရတယ်။ သို့သော် ဟိမဝန္တာတောင်တန်းထက်က တကယ့် ဆိုနမ် ဝမ်ချက်ခ်ရဲ့ ဇာတ်လမ်းကတော့ ရယ်မောစရာ မဟုတ်ပါ။ ဒါဟာ အမှန်တရားအတွက်၊ သဘာဝတ္ထအတွက်နဲ့ လူသားတွေရဲ့ ရပိုင်ခွင့်အတွက် အသက်နဲ့လဲပြီး ရေးဖွဲ့နေရတဲ့ လေးနက်လှတဲ့ သမိုင်းဝင် ကဗျာတစ်ပုဒ် ဖြစ်ပါတော့တယ်။
MT(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW