စက်ရုံဖယ်ရီပြေးဆွဲတဲ့ YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်း

ဇူလိုင် ၂၆ – ၂၀၂၆
SS (VOM)
သတ်မှတ်ထားတဲ့ ခရီးစဉ် လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီ (ကြို/ပို့) အဖြစ် လုပ်ကိုင်နေတဲ့ YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ဒီကနေ့ ဇူလိုင် ၂၅ ရက်‌ကစပြီး သဘာဝဓာတ်ငွေ့ (CNG) ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းလိုက်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန် အသိပေးထားပါတယ်။
YBS ယာဉ်တွေ စက်ရုံဖယ်ရီ ပြေးဆွဲနေတယ်လို့ သတင်း ရရှိတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သွားရောက် စစ်ဆေးခဲ့တာမှာ မှန်ကန်ကြောင်း စိစစ် တွေ့ရှိရတဲ့အတွက် အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီမော်တော်ယာဉ် ၁၀ စီးရဲ့ နံပါတ်တွေကိုလည်း CNG အရောင်းဆိုင်အားလုံးမှာ ကြေညာထားမှာဖြစ်တယ်လို့ သိရပါတယ်။
“YBS ကားတွေအနေနဲ့ YBS လမ်းကြောင်းအတိုင်း မောင်းရမှာပါ။ မမောင်းလို့ရှိရင် CNG ပေးထားတဲ့ ကားတွေကို CNG ပိတ်သိမ်းမယ်၊ YBS ယာဉ်လိုင်းကလည်း ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ခရီးသွားပြည်သူတွေ ကျပ်ကျပ်တည်းတည်းနဲ့ စီးရတာမျိုး မဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
ဒါအပြင် CNG ယာဉ်တွေအနေနဲ့ တခြားသော ယာဉ်တွေကို တရားမဝင် CNG ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါကလည်း အဲဒီ ယာဉ်တွေကို ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူလျက် ရှိတယ်လို့သိရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရေးနဲ့ ပြည်သူလူထု သက်သာ ချောင်ချိရေးအတွက် အမှန်တကယ်ဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေကိုသာ CNG အသုံးပြုခွင့် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွေမှာ CNG ဝယ်ယူခွင့်စာအုပ် ပါရှိတဲ့ ယာဉ်တွေကိုသာ ဓာတ်ငွေ့ဖြည့်သွင်း ရောင်းချပေးနေတာဖြစ်သလို CNG ယာဉ် နှစ်ပတ်လည် သက်တမ်းတိုးခြင်းကိုလည်း မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (Owner Book) မှာ CNG သုံးယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရဲ့ CNG တံဆိပ်တုံး မှတ်ပုံတင်ပြီးမှသာ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွင်း အရေးပါတဲ့ YBS ယာဉ်တွေနဲ့ တက္ကစီယာဉ်တွေအတွက် CNG ကို မပြောင်းလဲတဲ့ ဈေးနှုန်းဖြစ်တဲ့ ၁ ကီလိုဂရမ် ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ ၂၀၀၇ ခုနှစ်ကနေ စတင်ပြီး ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီဈေးနှုန်းတွေဟာ နိုင်ငံတကာဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေတာဖြစ်သလို စက်စွမ်းအားတူညီတဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံး မော်တော်ယာဉ်တွေရဲ့ တူညီခရီး အကွာအဝေးနဲ့ လောင်စာဆီ ကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါကလည်း CNG ဟာ သုံးပုံ တပုံခန့်သာ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ YRTC လက်အောက်မှာ ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်းပေါင်း ၁၄၅ လိုင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၅ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကာ တရက်ကို ပျမ်းမျှ ၃၅၀၀ စီးခန့် ထွက်ပြီး ခရီးသွားပြည်သူဦးရေ နေ့စဉ် ၁ ဒသမ ၇ သန်းခန့် ရှိတယ်လို့ သိရပါတယ်။
စက်သုံးဆီ အခက်အခဲကြောင့် လက်ရှိမှာ YBS ယာဉ် စီးနင်းသူ ခရီးသည် နှစ်သိန်းခွဲကျော် တိုးလာတာဖြစ်ပြီး အရင်က ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်အစီးရေ ၃၄၀၀ ခန့်နဲ့ နေ့စဉ် ခရီးသည်ပေါင်း ၁ ဒသမ ၄၆ သန်းသာ စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW