ဇူလိုင် ၂၆ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကနေ ၂၄ ရက်နေ့အထိ ၁၇ ရက်တာ ကာလအတွင်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ၁၂ ယောက် သေဆုံးပြီး ၆၅ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
သံတွဲ၊ ငပလီ၊ မအီ၊ တောင်ကုတ်၊ ဂွ၊ ကျိန္တလီ၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားခဲ့တာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က သံတွဲမြို့ပေါ်ရှိ အမှတ် (၇)၊ အမှတ် (၈) ရပ်ကွက်တွေနဲ့ အဲဒီမြို့နဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ ရေကောက်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သုံးယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“သံတွဲမှာ လေကြောင်းတိုက်ခိုက်တာက ဇူလိုင် ၂၄ ရက်နေ့ သန်းခေါင်ယံအချိန်ကနေ ညနေပိုင်းအထိ ဆက်တိုက်ကို ဖြစ်သွားတာ။ ညနေ ၄ နာရီလောက်ကဖြစ်တဲ့ အမှတ် (၈) ရပ်ကွက် လေကြောင်းဖြစ်စဉ်မှာ ရောင်ခြည်ဦး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဘေးက အိမ်ခြံဝင်းထဲ ပေါက်ကွဲမှုဖြစ်တယ်။ တယောက် ပွဲချင်းပြီးသေတယ်။ လေးယောက် ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ် နှစ်လုံးလည်း ပျက်စီးသွားတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူက ပြောပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ရေကောက်ကျေးရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ လူထိခိုက်မှု မရှိခဲ့ဘဲ ကျောင်းရဲ့အမိုးအကာနဲ့ ခြံစည်းရိုး ပျက်စီးခဲ့တယ်လို့ သိရပြီး မနက် ၁၁ နာရီခွဲအချိန် ဖြစ်ပွားခဲ့တဲ့ အမှတ် (၇) ရပ်ကွက် လေကြောင်းဖြစ်စဉ်မှာတော့ ရွှေရည်စားသောက်ဆိုင်အနီး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီ စားသောက်ဆိုင် အနီးဝန်းကျင်မှာပဲ မနက်အစောပိုင်းဖြစ်တဲ့ ၁၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် သုံးလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ ပုလဲရတနာဘုန်းကြီးကျောင်းနဲ့ AZ Family Resort တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ခုနစ်ယောက် ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင် ၁၉ ရက်နေ့ကလည်း သံတွဲမြို့ပေါ်မှာ နာရီဝက်နီးပါးကြာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၁၉ ရက်နေ့မှာပဲ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အမှတ် (၂) နဲ့ (၃) ရပ်ကွက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ၂၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် အဲဒီနေ့မှာပဲ ပုဏ္ဏားကျွန်းမြို့နယ်က တောင်ပေါက် ဘုန်းကြီးကျောင်းအနီးမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇူလိုင် ၁၀ ရက်နေ့ကလည်း ဂွမြို့နယ်ရှိ ပေါက်တူးနဲ့ ကုလားချောင်းကျေးရွာအတွင်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လေးယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင် ၈ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခြောက်ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က စစ်တမ်းတခု ထုတ်ပြန်ခဲ့တာမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှုတွေကြောင့် အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လတာကာလအတွင်း သေဆုံးသူ ၈၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၈၇ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီပစ်ခတ်မှုတွေအတွင်း လူနေအိမ် ၂၂၉ လုံး၊ ဆိုင်ခန်း ၈၃ ခန်း၊ တံတား တစင်း၊ ကျန်းမာရေးဌာန တခု၊ ဘာသာရေးအဆောက် အအုံ ရှစ်ခုနဲ့ ပညာရေးကျောင်းဆောင် လေးဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ HDCO ရဲ့ စစ်တမ်းမှာ ဖော်ပြထားပြီး အစိုးရတပ် ပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ
