လှိုင်းဘွဲ့မှာ ဘုန်းကြီးပျံမှာ ရုပ်ကလပ်သယ်တဲ့ ပြဿဒ်နဲ့ မီး​ကြိုးချိတ်မိလို့ ၂ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရ

ဇူလိုင် ၂၆ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ ကျောင်းကြီးဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို ပင့်ဆောင်လာစဉ် ဓာတ်ကြိုးနဲ့ တိုက်မိပြီး နှစ်ယောက်သေဆုံးကာ ခုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
မနေ့က ဇူလိုင် ၂၅ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ ဆရာတော်ရဲ့ ရုပ်ကလပ်ကို အန္တိမအဂ္ဂိဈာပနကျင်းပမယ့် ဘောလုံးကွင်းထဲကို ပင့်ဆောင်လာချိန်မှာ လမ်းမီးဓာတ်ကြိုးနဲ့ ရုပ်ကလပ် ပင့်ဆောင်လာတ ပြဿဒ်တို့ ထိမိပြီး ဓာတ်လိုက်ကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။
” ရုပ်ကလပ်သယ်လာတဲ့ အပေါ်က ရာဇမတ်နဲ့ပြဿဒ်က အပေါ်က လမ်းမီးကြိုးနဲ့မလွတ်ဘူးဖြစ်သွားတယ်။ အဲဒီမှာကြိုးဆွဲတဲ့သူက မကြည့်လိုက်မိဘူး ။ အဲဒီမှာထိတော့ ကြိုးဆွဲသူပါသေတာ။ဆရာတော်ရုပ်ကလပ်ကို သယ်လာချိန်ကျမှ ဓာတ်လိုက်တာ ။ သွားတဲ့အချိန်တုန်းက မဖြစ်ဘူး ဆရာတော်ရုပ်ကလပ်ကို ဈာပနလုပ်မယ့် ဘောလုံးကွင်းထဲသယ်ချိန်ကျမှ ဖြစ်တာ။ ဓာတ်လိုက် သေဆုံးတာက ရွာသားတွေပါပဲ ။ အကုန်လုံးလန့်ဖြတ်သွားတာပေါ့။ ” လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ လှိုင်းဘွဲ့မြို့နယ် ၊ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေက အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ၂၀ လောက်ကနေ ၄၀ ဝန်းကျင်လောက်အရွယ်အမျိုးသားတွေ ဖြစ်ကြောင်း သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုတော့ လက်ရှိမှာ လှိုင်းဘွဲ့ ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး ဆေးကုသမှုပေးနေကြောင်း ၊အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ် ။
ပြီးခဲ့တဲ့ မတ် တုန်းကလည်း မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ကမ်းကြီးဆိပ်ကျေးရွာ( စွပ္ပနူး)ရွာမှာ အလှူပွဲလှည့်တဲ့ Sound Box ဆောင်းဘောက်ကား နဲ့ လမ်းလျှပ်စစ်မီးကြိုး တိုက်မိပြီး ဓာတ်လိုက်လို့ နှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ္ပုံ – လှိုင်းဘွဲ့လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW