ဆူးငှက်
ကျွန်တော်နှင့် ပန်းချီ စိုးဝင်းငြိမ်း
————————————-
ကျွန်တော် စာ ရေးစ ပေါင်းသင်းဖြစ်သည့် စာပေမိတ်ဆွေများတွင် ကာတွန်းအော်ပီကျယ်နှင့် ပန်းချီဒီဇိုင်း စိုးဝင်းငြိမ်းက အမြဲပါသည်။ ထိုစဉ်ကာလ သူတို့၂ယောက်နှင့် ကျွန်တော်က မနက်မိုးလင်းသည်မှ ညမိုးစုပ်စုပ် ချုပ်သည်အထိ တပူးတွဲတွဲ မခွဲနိုင် မခွာရက် ဖြစ်ကြသည်။ စကားတွေကလည်း ပြောမကုန်ခဲ့ကြ။ သည်၂ယောက်အနက် ဆရာအော်ပီကျယ်နှင့် စတင် ဆုံဆည်းဖြစ်ပုံကို ပြောခဲ့ပြီးပါပြီ။ ပန်းချီဒီဇိုင်း စိုးဝင်းငြိမ်းနှင့် စတင်ဆုံဖြစ်တာလည်း ပြောပါဦးမည်။
၁၉၈၉ ခုနှစ်ဆန်း ၏ ရာသီဥတု ပြင်းထန်သော နွေတစ်နေ့လယ်တွင် မန်္တလေးလူထုတိုက် ဧည့်ခန်းမှာ သူ့ကိုစတင်ပြီး သတိထားမိခဲ့ခြင်း ဖြစ်သည်။ သည်တုန်းက ကျွန်တော်က မဂ်္ဂဇင်းတွေမှာ ဆောင်းပါးတွေ ကြိုးကြား၊ ကြိုးကြား ရေးနေတာ ၅နှစ်သက်တမ်းမို့ အရှိန်ရစ။ ထိုနေ့ကရန်ကုန်မှ မဂ်္ဂဇင်းကြီးတစ်စောင်၏ အသစ်စက်စက်ပင်တိုင် ဆောင်းပါးရှင်တစ်ဦး မန်္တလေး ရောက်လာသည်။ သူ့မိသားစုနှင့်မန်္တလေး သင်္ကြန်ကိုအလည်အပတ် လာခြင်း ပဲဖြစ်ပါ၏။ သို့သော် ရောက်တုန်း ရောက်ခိုက် မန်္တလေးစာပေသမား များနှင့် တွေ့ဆုံလိုသည် ဆိုသဖြင့် အသစ်စက်စက် ပင်တိုင်ဆောင်းပါးရှင်ကို ရတနာပုံရွှေ မန်္တလေးမှ ကလောင်ဘိုးအေများ၊ ဝါရင့်ကလောင်များ၊ ဝါနုကလောင်များ၊ စာပေနှင့် နှီးနွှယ်ဆက်စပ် ပတ်သက်သူများ အားလုံး တခမ်းတနား တွေ့ဆုံဧည့်ဝတ်ပြုကာ စာပေရေးရာများ အားတက်သရော လေးလေးနက်နက် ဆွေးနွေးတင်ပြကြ သည့်ပွဲဖြစ်ပါ၏။
တကယ်တော့ ထိုဆရာသည် ထိုစဉ်က စာရေးဆရာ မဟုတ်သေး၊ မဂ္ဂဇင်းကြီးတစ်စောင်၏ ပေါ့ပ် ကဏ္ဍ အတွက် စတင်တာဝန်ယူမည့်သူ ဖြစ်သည်။ ဒါကို မန္တလေးကလည်း ဝါရင့် စာရေးဆရာကြီးတစ်ယောက်နှင့် ရှားရှားပါးပါး တွေ့ဆုံခွင့် ရသည့်နှယ် စာပေရေးရာတွေ လေးလေးနက်နက် တစ်ယောက်တစ်လက် ဆွေးနွေးကြသည်။ မန်္တလေးသည် “စာပေ အနုပညာ” နှင့်ပတ်သက်လျှင် ကြီးကြီး ငယ်ငယ်၊ စိမ်းစိမ်းကျက်ကျက် အမြဲတမ်း ဧည့်ဝတ်ကျေပွန်လွန်းနေသော အမှတ်လက်္ခဏာဖြစ်ပါ၏။
အမှောင်ရိပ်ထဲက စာပေ (သို့မဟုတ်) ဝမရှိသေးဘဲ ဝိလုပ်လို့မရ
———————————————————————-
ထိုပွဲတွင် စာရေးဆရာ၊ ကဗျာဆရာကြီး ငယ်များက စာပေရေးရာကိစ်္စတွေ တလေးတစား ဆွေးနွေးကြပြီး အသက် ခပ်ငယ်ငယ် အသားညိုညို၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ကိုယ်ခန်္ဓာခပ်သေးသေး ညှပ်ညှပ်၊ လည်ကတုံး ကမြစ် လက်ရှည်အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး အလှည့်ရောက်သောအခါ မရယ်မပြုံး တည်ကြည်သော မျက်နှာထားဖြင့် ခပ်တိုတို ခပ်ရှင်းရှင်း စကားတစ်ခွန်းပဲ ပြောဆိုလိုက်သည်။
သူ့စကားက “ဝ”မရှိပါသေးဘဲ “ဝိ”ကိစ်္စတွေနှင့် အပြန်အလှန် စကားပြောနေကြရတာ အလဟဿ အချိန်ကုန်သည့် သဘောပဲ ဖြစ်ပါ၏။ ကာလ၊ဒေသနှင့် ဆက်စပ်ပြီး အမှန်ကန်ဆုံးစကားမို့ အားလုံးငြိမ်သက်သွားကြသည်။ သူ့ကို အရင်ပွဲတွေမှာ မမြင်ဖူး။ ဒီဇိုင်းစိုးဝင်းငြိမ်း တဲ့။ အား….စိုးဝင်းငြိမ်းတော့ သိသားပဲ။ ကဗျာဆရာမောင်သင်းပန်တို့ ညီအစ်ကို၏ “ရေအလျင်”စာပေမှာ သူ့ပန်းချီကားတွေကို တွေ့ဖူး၊ သိဖူးနေသည်။ သို့သော်လူကို အခုမှ မြင်ဖူးခြင်း ဖြစ်သည်။
လူထုတိုက်ကအပြန် ၈၄လမ်း တစ်လျှောက် စက်ဘီးလေး တွန်းကာ လမ်းလျှောက်ရင်း သူနှင့်ကျွန်တော်နှစ် ယောက်တည်း စကားလက်ဆုံကျဖြစ်ခဲ့၏။ မကြာပါဘူး။ နောက်တစ်ရက်နှစ်ရက် အတွင်း ဘုရားကြီး အနောက်မုခ် တက်သိမ်း မယ်တော်ဝင်းအတွင်းက သူ့အိမ်ကို ရောက်သွားသည်။ ပထမဆုံး သူ့အိမ်ရောက်သည့်နေ့မှာပဲ သူ့အစ်ကို ထွန်းဝင်းငြိမ်း (ယခုပန်းချီဒီဇိုင်းနှင့် အယ်ဒီတာ)ကို တွေ့ဖူးသည်။ သူ့အစ်ကိုက သူ့ထက် ပြုံးချိုနူးညံ့ နေ၏။
မနက်လင်းသည်နှင့် ဆုံဖြစ်ကြသူတွေ
—————————————–
သည့်နောက် စိုးဝင်းငြိမ်းက မနက်လင်းတာနှင့် ဘုရားကြီးအနောက်မုခ်နေအိမ်မှ ကျုံးနဘေး ဆုတောင်းပြည့် ဘုရားနားက ကျွန်တော့်အိမ်သို့ ရောက်လာသည်။ ပထမတော့ တရုတ်စက်ဘီး၂၆ လေးနှင့်ဖြစ်၏။ ဒီဇိုင်းအလုပ်တွေ ရလာတော့ အပြာနုရောင် ဘောင်တုတ် ပန်းတွေနှင့်ေ၀ စက်ဘီးအသစ်လေး နှင့် ဖြစ်လာသည်။ မနက်လင်း၍ သူလာလျှင် ခင်သော်ဇင် က သူ့စက်ဘီးလေး နှင့် တရုတ်တန်းဈေး သွားသည်။
ကျွန်တော့်အိမ်သို့ ထိုစဉ်က မနက်စောစော လာတတ်သူတွေက စိုးဝင်းငြိမ်း၊ အော်ပီကျယ်နှင့် ချမ်းမင်းအိမ် တို့ပဲဖြစ်၏။ ချမ်းမင်းအိမ်က ထိုစဉ်က အင်ဂျင်နီယာတစ်ဦးနှင့် တွဲကာ ကန်ထရိုက်လုပ်ငန်း လုပ်နေသည်။ တစ်ဖက် ကလည်း ထိုစဉ်က ခေတ်စားသော မြေပွဲစားအလုပ်လည်း လုပ်သည်။ သူလာလျှင်ဖြင့်အိမ်မှာ စီ၆၀ တစ်ခွေစာမျှ မွှေးကြိုင်သင်းပျံ့နေတတ်သည်။ ကိုချမ်းမင်းအိမ်က လက်ဖက်ရည်သောက်ပြီး လုပ်ငန်းရှိရာ “ဆိုက်”ထဲသို့ ပြိုင်ဘီးလေး စီးကာ အိတ်ကြီး တကားကားနှင့် ထွက်သွားသော် လည်း ကိုအော်ပီကျယ်နှင့် စိုးဝင်းငြိမ်းက ချက်ချင်းမပြန်သေး။ အိမ်မှာ စာအုပ်တွေ လှန်လှော။ ခရီးတစ်ခုဆီ ဆက်တန်ဆက်၊ နောက် ကိုအော်ပီကျယ်က ကလေး ကျောင်းပို့တာဝန်နှင့် ပြန်ပေမယ့် စိုးဝင်းငြိမ်းကတော့ အိမ်မှာပဲ နေသည်။
မကြာမီ သူလည်း ညွန့်ပေါင်းဈေးတောင်ဘက်တန်းက သူ့အစ်ကိုပန်းချီ“ငြိမ်းဦး”ဆိုင်ခန်းမှာ အိပ်ရာပါ ပြောင်းပြီး ပန်းချီ ဒီဇိုင်းအလုပ်ကို ဇောက်ချလုပ်တော့သည်။ သည်မှာပဲ မန်္တလေးမြို့က ထုတ်ဝေသည့် “ရွှေဝတ်ရည်”မဂ်္ဂဇင်းက အမှတ်စဉ် ၄ အထိပင် ထွက်နေပါပြီ။ ရွှေဝတ်ရည်ကို ဆက်လက် အားဖြည့်ရန် အတွက် တာဝန်ခံ အယ်ဒီတာ ဆရာမောင်သစ်လွင်(လူထု)က ပန်းချီဒီဇိုင်းဆရာ တစ်ယောက်နှင့် အမှုဆောင် အယ်ဒီတာ တစ်ယောက်စီ နောက်ထပ် ခန့်ထားရန် ရွေးချယ်တော့ သူနှင့်ကျွန်တော်ပဲ ဖြစ်နေလို့ တစ်ယောက် ကိုတစ်ယောက် ကြည့်ကာ ရယ်မောရသေးသည်။ ဆရာမောင်သစ်လွင်(လူထု) က ကျွန်တော်တို့ ၂ယောက်ကို မဂ္ဂဇင်းတိုက်တွင် ပထမဆုံး ခေါ်တွေ့တော့ အတူဝင်လာကာ စကားလက်စပင် မပြတ်သေးသော ကျွန်တော်တို့ နှစ်ယောက်အားကြည့်ပြီး ဆရာ မောင်သစ်လွင်(လူထု) က “သြော် မင်းတို့က ရင်းနှီး နေကြပြီး သားကိုး။ ကောင်းတယ်၊ ကောင်းတယ်၊ အေး..၊ အေး..”ဟု သဘောကျနေ၏။
ရွှေဝတ်ရည် အယ်ဒီတာစာပွဲ
——————————–
ဤသို့ဖြင့် မင်းသားစုရပ် ကမ်္ဘာအေးဆေးတိုက်ရှိ ရွှေဝတ်ရည်မဂ်္ဂဇင်း အယ်ဒီတာစားပွဲမှာ နေ့စဉ်နေ့တိုင်း တစ်နေ့ခင်းတစ်ညနေ သူနှင့်ကျွန်တော် ဆုံကြသည်။ တကယ်တော့ အလုပ်ချိန်က တစ်နေ့ခင်း၊ တစ်ညနေ ဆိုငြား သူ့ညွန့်ပေါင်းဈေး ဆိုင်ခန်းသို့ ကျွန်တော်က မနက်ကတည်းက ရောက်နေခြင်းဖြစ်၏။နေ့လယ်စာကို ဈေးထဲကဆိုင်မှာပဲ စားဖြစ်ရင်စား၏။ ဒါမှမဟုတ် ဘုရားကြီးမြောက်ရွာသစ်ထဲက သူ့အမျိုး တွေအိမ်မှာ စားဖြစ်ရင်စားဖြစ်၊ဘုရားကြီး ၄၅ တာ အရှေ့ထိပ်ကဆိုင်လေးမှာ စားရင်စားဖြစ်ကြသည်။
ရွှေဝတ်ရည်စားပွဲသည် သူနှင့် ကျွန်တော်၏ သံယောဇဉ်ကို ပိုမို မြဲမြံစေခဲ့၏။ ထိုစားပွဲပေါ်မှာ သူအားတက် ခဲ့သည်။ ထိုစားပွဲပေါ်မှာ သူ့မျက်နှာကို မှောက်ငိုကြွေးခဲ့သည်။ ထိုစားပွဲပေါ်မှာ မဂ်္ဂဇင်းအလုပ်များဖြင့် သူ့ဘဝအတွက် သူပေါက်ကွဲခဲ့သည်။ ထိုစားပွဲပေါ်မှာ သူစိတ်ဓာတ်အကြီး အကျယ် ကျခဲ့သည်။ ထိုစားပွဲပေါ်မှာ သူကော်မာရှယ်ဒီဇိုင်းတွေ ရေးဆွဲခဲ့သည် (သို့မဟုတ်) ဆုတ်ဖြဲခဲ့သည်။ ထိုစားပွဲပေါ်မှာပဲ ယုံကြည်ချက် အတွက် အဝေးရောက်နေသော အစ်ကိုကို လွမ်းဆွတ်ခဲ့သည်။ ထိုသည့်အခါတိုင်း ကျွန်တော်က တက်လွယ်ကျ လွယ်လွန်းသော သူ့စိတ်ဓာတ်ကို သဘောပေါက်စွာ ဆွဲချတန် ဆွဲချ၊ မြှင့်တင်တန် မြှင့်တင်ပေးခဲ့ရ၏။ ဘာပဲပြောပြော ကျွန်တော်က သူ့ထက်အသက် နည်းနည်းကြီး၊ အိမ်ထောင်သည် တစ်ယောက်လည်း ဖြစ်လို့ အနည်းငယ်တော့ ရင့်ကျက် ဟန်ဆောင်ထားခြင်းကြောင့် ဖြစ်၏။ တကယ်တော့ ကိုယ်ကိုယ်နှိုက်က နုံနုံနဲ့နဲ့။
သူက စကက်ချ် ကောက်၊ ကျွန်တော်က ဓာတ်ပုံရိုက်
———————————————————
ထိုကာလအတွင်း သူမုန်တိုင်းများကို ဖြတ်ကျော်ခဲ့ရသည်။ မိသားစုတာဝန်က သူ့ပခုံးပေါ် ရောက်လာသည်။ ချက်မြှုပ်ဇာတိ တက်သိမ်းအင်း မယ်တော်ဝင်း အတွင်းမှ ဟိုး အရှေ့တောင်ဘက် ထွန်တုံးရွာ ကန်သင်းရိုးများဆီ သူ့မိသားစု ပြောင်းရွှေ့ရသည်။ အစ်ကိုက ရန်ကုန် အင်းစိန်ရောက်ပြီးတော့ တောင်ငူရောက်၊ သူ့ဆိုင်ခန်းလည်း ညွန့်ပေါင်းဈေး တောင်ဘက်အခန်းမှ အနောက်ဘက်ခန်းပြောင်း၊ သူလည်း ဖားသား လဖုန်းကျောင်း အနောက်ဘက် ပန်းချီဝင်း အတွင်းက အဆောင်သို့ ပြောင်း၊ တစ်ခါတစ်ရံမြို့သစ်ရှိ သူ့အိမ်ဆီသို့ ညအတော်မှောင်ပါမှ သူနှင့်ကျွန်တော် နှစ်ယောက်သား စက်ဘီးကိုယ်စီနှင့် ရောက်သွားဖြစ်၏။
မြို့လယ် ပန်းချီဝင်းအတွင်းနေကာ ညွန့်ပေါင်းဈေးမှာ ဆိုင်ခန်းလေး ရှိနေ၍ ကျူရှင်အလုပ်၊ တံဆိပ်ပတ် အလုပ်တွေမြိုင်လာသည်။ သို့သော် သူက ပန်းချီကားတွေ ဆွဲချင်နေ၏။ ဂေါဝိန်ဆိပ်၊ ကျောက်ဆည် ဓာတ်တော်တောင်သို့ သူနှင့်နှစ်ယောက်သွားပြီး သူက စကက်ချ်တွေ ကောက်သည်။ ကျွန်တော်က ဓာတ်ပုံရိုက်သည်။ ထို့ကြောင့် သူနှင့် ကျွန်တော်သည် ဆရာမောင်သစ်လွင်(လူထု) ၏ သင်ကြားပြသမှုဖြင့် ရွှေဝတ်ရည် အယ်ဒီတာစာပွဲမှာ မဂ္ဂဇင်းအလုပ်တွေ သင်ယူဖြစ်ခဲ့ကြရုံသာ မက အနုပညာ အလုပ်တွေကိုပါ အတူ လုပ်ဖြစ်နေပါသည်။ မှတ်မှတ်ရရ အလုပ်တွေကိုလည်း သတိတရ ဖြစ်ခဲ့ပါ၏။
ဆူးငှက်
