DEMU ရထားပေါ်မှာ စည်းကမ်းမဲ့ လုပ်ရပ် ပြုမူခဲ့တဲ့ ဒေါ်မြသန်းအဖွဲ့ကို ပုဒ်မ ၈၈ (က)အရ တယောက်ကို ဒဏ်ငွေတသိန်းစီပေးဖို့ အမိန့် ချ

ဇူလိုင် ၂၇ ၊ ၂၀၂၆
CC (VOM)
မော်လမြိုင် – ရန်ကုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို မော်လမြိုင်တရားရုံးက ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာ တယောက်ကို ဒဏ်ငွေတသိန်းစီပေးဆောင်ဖို့ အမိန့်ချလိုက်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။
ဒေါ်မြသန်းအပါ ၅၄ ယောက်ကို မနေ့က ဇူလိုင် ၂၆ ရက်မှာ မော်လမြိုင်ရဲစခန်းမှာ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ – ၈၈(က)အရ အမှုဖွင့်ပြီးနောက် ဒီကနေ့မှာ တရားရုံးစွဲတင်ပြီး ခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
” စခန်းမှာ အမှုဖွင့်ပြီးတော့ ဒီနေ့ တရားရုံးမှာ တရားစွဲတယ် ။ ဒီနေ့ပဲ တရားရုံးက အမိန့်ချလိုက်တာပေါ့။သူ့ရဲ့ ဥပဒေအတိုင်းအမိန့်ချလိုက်တာပေါ့။ သူ့ရဲ့ ဥပဒေမှာတော့ ပုဒ်မ ၈၃ ကို ဖောက်ဖျက်ရင် ပုဒ်မ ၈၈ (က) အရေအရးယူရမယ်ဆိုတဲ့အထဲမှာ ဒဏ်ငွေထောင်သုံးလ ထက်မပိုသော ပြစ်ဒဏ်နဲ့ ဒဏ်ငွေ တသောင်းကနေ တသိန်းထက်မပိုသော ပြစ်ဒဏ်ရှိတာပေါ့။ ဒီနေ့ သူတို့ အမျိုးသမီးက ၅၃ ယောက်၊ အမျိုးသား တယောက်ကို ရထားပေါ်မှာ ဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တယောက်ကို ဒဏ်ငွေ တသိန်းအမိန့်ချလိုက်တာပေါ့။
အဲဒီထဲမှာ ကျွန်တော်တို့ အနားကသူတွေလည်းပါကြတော့ သူတို့လည်း အဲဒါပြီးမှ ပြန်ရောက်ကြတယ်သိရတယ်။ သိရသလောက်တော့ အကုန်လုံးကို တရားရုံးကခေါ်တယ် ကြားတယ်။ ” လို့ တရားရုံးနဲ့ နီးစပ်သူ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ် ။
ဒေါ်မြသန်းပါအဖွဲ့ရဲ့ ရထားပေါ် စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် အရေးယူပေးဖို့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် တောင်းဆိုမှုတွေမြင့်တက်လာပြီးနောက်မှာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၈)(မော်လမြိုင်)မှ အထူးတန်းရုံပိုင်ကြီး၊ ဦးသန်းစိုးကနေ တရားလိုပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ဟာ အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်ထိုင်ခြင်း၊ ရထားကြမ်းခင်းမှာ လျှောက်လမ်းပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်း၊ Tik Tok ရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရထားပေါ်မှာ စည်းကမ်းမဲ့လုပ်ရပ်ပြုလုပ်လို့ အရေးယူတဲ့အမှုချင်းတူပြီး အရေးယူတဲ့ဥပဒေ ပုဒ်မတူပေမယ့်လည်း အမိန့်ချမှတ်တဲ့ ပြစ်ဒဏ်ချမှတ်မှု ကွဲလွဲတဲ့အပေါ် ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေရှိနေတာ တွေ့ရ ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန် – မန္တလေး DEMU ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကျယ်လောင်စွာ စကားပြောခြင်း၊ ကွမ်းစားပြီး ကွမ်းယာပြင်ဆင်ခြင်း၊ ထိုင်ခုံအစွပ်တွေမှာ ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးတွေ ပေကျံအောင် ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ကို ညစ်ပတ်အောင်ပြုလုပ်ခြင်းအပြင် ကွမ်းတံတွေး ထည့်ထားတဲ့ ဘူးတွေကိုလည်း မရှင်းလင်းဘဲ ရထားပေါ်မှာထားခဲ့တဲ့ အမျိုးသမီးလေးယောက်ကိုတော့ ရထားပို့ဆောင် ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးယူခဲ့ပြီး ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအပေါ် ဥပဒေ ညာရှင် ဒေါက်တာဖိုးဖြူက ” ဒဏ်ငွေဖြစ်စေ ထောင်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သုံးနူန်းထားလို့ တရားသူကြီးအနေနဲငွေဒဏ်ကိုချမှတ်လို့ရသလို ထောင်ဒဏ်ကိုလည်းချမှတ်လို့ရတယ်။ နှစ်မျိုးလုံးကိုဖြစ်စေလို့လည်း သုံးနူန်းထားလို့ ပြစ်ဒဏ်နှစ်မျိုးလုံးကို တပြိုင်တည်း ပေးလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ပြစ်မှုအမျိုးအစား ၊ ပုဒ်မတွေလည်းတူရဲ့သားနဲ့ ဘာဖြစ်လို့ ပြစ်ဒဏ်တွေကွဲလွဲရတာလည်းဆိုတာက ပြစ်ဒဏ်အနည်းအများ ၊ ပြစ်မှုကျူးလွန်မှု အတိုင်းအဆအနည်းအများ ၊ ပြစ်မှုကျူးလွန်ချင်တဲ့ ရည်ရွယ်တဲ့စိတ်ရဲ့ ပမာဏအတိုင်းအဆအနည်းအများပေါ်မှာ မူတည်ပြီး သူတို့ကိုပြစ်ဒဏ်ပေးတဲ့အခါ ဘယ်လောက်နဲ့တော့ သင့်တော်တယ် ၊ နောင်ကျဥ်ရုံလောက်ပဲ သတိဝင်ရုံလောက်ပဲဆိုရင် ဒါကိုငွေဒဏ်လောက်ပဲ ပြစ်ဒဏ်ပေးတယ်။ တကယ်လို့ ထိရောက်တဲ့ ပြစ်ဒဏ်ကို ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ကိုပေးမယ်လို့ ဆုံးဖြတ်တယ် ၊ ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ပေးမှကို ထိုက်တန်ဆိုရင်တော့ ထောင်ဒဏ်ကိုချမှတ်တယ် ။ ထောင်ဒဏ်မှာလည်း နောင်ကျဥ်ရုံ သက်သက်လောက်ပဲဆိုရင် သတိလောက်ပဲချပေးတယ်။ ရုံးတထိုင်စာ ချလို့ရသလို အမြင့်ဆုံး ထောင်ဒဏ်ထိလည်းချလို့ရတယ်။ တရားသူကြီးကို ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ တရားမျှတအောင် ၊သင့်တော်အောင် ပြစ်ဒဏ်တွေကို စစ်ဆေးပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ချမှတ်ပိုင်ခွင့်ရှိတဲ့ အဓိပ္ပာယ် မျိုးကို မြန်မာနိုင်ငံတရားဥပဒေစီရင်ရေးစနစ်က ခွင့်ပြုထားတယ်။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။
ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ကတော့ မော်လမြိုင်မြို့က ဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့မှာ မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားရဲ့ ပထမတန်း အတြဲ ( ၃) ရွိ ခုံ ၆၀ ကို လက်မှတ်ဝယ်ယူခဲ့ကာ ဒေါ်မြသန်းအပါ ၅၄ ယောက်ဟာ လိုက်ပါစီးနင်းခဲ့ကြ တာ ဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ရန်ကုန်-မန္တလေး DEMU အမြန်ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်ခြင်း ၊ အရက်သေစာသောက်စား မူးယစ်ခြင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်းမှာ (ပ)၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပေဒပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်လှစ်အရေးယူမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW