ဇူလိုင် ၃၁ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးသွားတာကြောင့် လေးမျက်နာမြို့ပေါ် အပါအဝင် ကျေးရွာ ခုနှစ်ခုထက်မနည်းကို မြစ်ရေဆက်တိုက်ဝင်ရောက်နေပြီး ပိတ်မိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့ ၊ ငဝန်မြစ်ရေကာတာဟာ ည ၁၀ နာရီကျော်လောက်ကစပြီး သခွတ်ချောင်းအုပ်စု ၊ မြစ်ကျိုးကျေးရွာနားမှာ ပေ ၅၀ လောက်အကျယ် တာကျိုးသွားတာကြောင့် ကျေးရွာတွေအပြင် လေမျက်နှာ တမြို့လုံးမှာပါ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်
မနေ့က ဇူလိုင် ၃၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကတည်းက မြစ်ကျိုးအင်းရွာနားမှာ သဲဗွက်တခုဖြစ်ပြီး အလျား ၃၀ ပေ၊ အမြင့် ၅ ပေ ခန့် နိမ့်ဆင်းသွားတာကြောင့် တာကို တုတ်ရိုက်၊ကျောက်ချ၊သဲဖို့ တာတွေလုပ်ခဲ့ပေမယ့်လည်း ညပိုင်းမှာ ရေစီးသန်ပြီး တာကျိုးသွားတာ ဖြစ်ပါတယ် ။
” ရေကတက်နေတယ် ။သိပ်မကြာခင် မြုပ်တော့မှာပါ။ တာဘောင်ကတော့ ပြန်ပိတ်ဖို့မနိုင်လောက်တော့ဘူး ။ ဒါကြောင့်အခု ကယ်ဆယ်ရေးပဲ လုပ်နေကြတာ။ ရေကဆက်တိုးဖို့ပဲရှိတယ်။ ဘာလို့ဆို မြစ်ရေကမြင့်တယ် ၊ မြို့ကနိမ့်တယ်ဆိုတော့ ပြင်ညီအနေထားထိတော့ ရေဆက်တိုးနိုင်တာပေါ့။ မြို့ထဲကတော့ သွားလို့မရတော့ဘူး။ ရေအများဆုံးက မြို့လယ်ခေါင်က အနိမ့်ဆုံးဆိုတော့ အဲဒီကိုစုတာပေါ့ ။ မိုးတွင်းဆို ရေကတော့ပုံမှန်တက်ပေမယ့် ခုလိုတာကျိုးတာလောက်တော့ ရေမတက်ဘူး ။ မြို့ပေါ်မှာ ရပ်ကွက်ငါးခုရှိတာကို အကုန်ရေဝင်နေပြီ ။ အခုက လူတွေပဲ ဘေးလွတ်ရာကို ကယ်နေရတယ်။ ပစ္စည်းတွေတော့ မသယ်နိုင်ပါဘူး။ ခုကျွန်းကုန်းမှာ လူ ၂၀ လောက်ပိတ်မိနေလို့ ကယ်ဖို့လုပ်နေတာပါ ။ ” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူ ဒေသခံက ပြောပါတယ် ။
လက်ရှိ မြို့ပေါ်မှာ ရပ်ကွက် ငါးခုရှိတဲ့အနက် အမှတ် ၃ ၊ အမှတ် ၄ နဲ့ အမှတ် ၅ ရပ်ကွက် ကရေဝင်ရောက်မှု များပြီး အိမ် အောက်ထပ်ပိုင်းတွေရေနစ်သွားသလို အနိမ့်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ကွမ်းခြံကုန်း ၊ ကျွန်းကုန်း ၊ ကျွဲတဲ ၊ မြစ်ကျိုး ၊ ဂျမ်းကုန်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ခုနှစ်ရွာလောက်မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ရေကာတာကျိုးထားတဲ့အတွက် မြစ်ရေကဆက်တိုက် ဝင်ရောက်နေတာကြောင့် ရေကြီးနေတဲ့ နေရာက ပြည်သူတွေကို အရေးပေါ် ကူညီကယ်ထုတ်နေကြရပြီး ပစ္စည်းတွေကိုတော့ ရွှေ့ပြောင်းပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
” ရေကာတာ မကျိုးလောက်ဘူးထင်ကြတာလေ ။ မနေ့က မီးသတ်ရော ပြည်သူတွေရော အကုန်ဝိုင်းလုပ်ကြတာပဲ ။ ညကျတော့ ရေကာတာက ကျိုးသွားတယ်။ အဲဒီကတည်းက ရေကတောက်လျှောက် မြို့ထဲအနိမ့်ပိုင်းတွေ ရွာတွေကို ဝင်တာ ။ မနက်ရောက်တော့ အနိမ့်ပိုင်းကအိမ်တွေ နှစ်ထပ်တွေ အောက်ထပ်မြုပ်ကုန်တယ်။ ကျန်တဲ့ ရပ်ကွက်တွေလည်း ရေရောက်နေပြီ။ လူကိုဘေးလွတ်ရာ ရွှေ့နေရတာတော့ ပစ္စည်းတွေက မရွှေ့နိုင်ဘူးပေါ့။ ဒီအတိုင်းဆို ရေကထပ်တိုးခါမှာ ။ ရေကာတာကို ပိတ်နိုင်မှ ရေတန့်သွားမယ့် အခြေအနေရှိတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဆည်မြောင်းဝန်ထမ်းတွေ ပူးပေါင်းပြီး ကျိုးပေါက်သွားတဲ့ တာဘောင်ကို ဝါးတွေသုံးကာ ပြုပြင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်တဝိုက်က စပါးစိုက်ခင်းတွေမှာလည်း ရေနစ်မြုပ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်တုန်းကလည်း.ထိန်ငူတာကျိုးကျတာကြောင့် လေးမျက်နှာမြို့ကို မြစ်ရဲ့ အရှေ့ဘက်ကမ်းကို ရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
အခု နှစ်ပေါင်း ၃၀ ကျော်အကြာမှာ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကာတာကျိုးပြီး ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရတာဖြစ်ကြောင်း ၊ ပထမအကြိမ်လောက်တော့ အခြေအနေမဆိုးနိုင်ဘူးလို့ ဒေသခံတွေက ပြောဆိုမှုရှိပါတယ်။
ဓာတ်ပုံ – မီးသတ် / ဒေသခံ
