ဇူလိုင် ၃၁ ၊ ၂၀၂၆
GG (VOM)
ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် သံရုံးကို အခွန်သုံးနှစ်ကျော်စာအတွက် ကျသင့်ငွေကို ပေးဆောင်မှသာ သက်တမ်းတိုးခွင့်ရရှိတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက သိရပါတယ်။
” အခွန်ကတခါမှမဆောင်ဖူးဘူး ။ ဒီတခါမှဆောင်ရတာ ။ လာမယ့်နှစ် ၆ လပိုင်းသက်တမ်းကုန်မှာ။ စက်ရုံက ကြိုလဲရမယ်ဆိုလို့ သွားတာ အခွန်ကြေးဆိုပြီး ၄၉၅၀ နဲ့ စာအုပ်အသစ်လဲခက ၁၀၅၀၀ ပေးခဲ့ရတယ်။ စာအုပ်လဲတဲ့သူတိုင်းပေးရတော့ အကုန်စိတ်ညစ်နေကြတယ်။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်က ပြောပါတယ်။
အခွန်ဆောင်ရတဲ့အခါ ၂၀၂၃ ခုနှစ်ကနေစပြီး လက်ရှိရောက်တဲ့လအထိ လတွက်ပြီး အများဆုံး ၃၃ လ ၊ ၃၄ လစာ အတွက် အခွန် ဘတ် ၄၉၅၀ မှ ၅၁၀၀ ပေးဆောင်နေရတာ ဖြစ်ကြောင်း ၊ စာအုပ်ဖိုးက ဘတ် ၃၀၀၀ ၊ သက်တမ်းကုန်ဖို့ တနှစ်ကျော်ကျန်တာကို ကြိုတင်သက်တမ်းလာတိုးတဲ့အတွက် ကြိုတင်သက်တမ်းတိုးခက ဘတ် ၅၀၀ ကနေ ၉၀၀ ပေးရ တယ်လို့ သိရပါတယ်။
ပတ်စ်ပို့သက်တမ်းတိုးတာကို ပွဲစားနဲ့ပြုလုပ်ပါက အဆိုပါနူန်းထားထက်ပိုပြီး ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။
” သံရုံးမှာ ကျွန်တော် passport သက်တမ်းသွားတိုးတ အခွန်က ၄၉၅၉ ပါ။ စာအုပ်ဖိုးကတော့ ၃၀၀၀ ကျပါတယ်။ စာအုပ်က လာမယ့်နှစ် ၁၁ လပိုင်းမှကုန်မှာကို ကြိုတိုးတော့ ကြိုတင်တိုးခ ဘတ် ၉၀၀ ပေးရတယ်။ ကျွန်တော် အခွန်ဆောင်ခဲ့တာ ၃ နှစ် ၃လစာပါ။ အခြေခံလစာ ဘတ် ၇၀၀၀ ဖြစ်လို့ တလကို ဘတ် ၁၅၀ နဲ့တွက်ပြီး အခွန်ဆောင်ခိုင်းတာ ။ နောက်ကျရင် မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမယ် ဘာညာသတင်းတွေထွက်တော့ ကြိုတင်တိုးတာပါ။ မတိုးလို့လည်းမရဘူးဆိုတော့ သူတို့တောင်းတာ ပေးရတာပေါ့။ တချို့က အခွန်ဘယ်လိုဆောင်ရမလဲမသိတော့ ပွဲစားနဲ့လုပ်ကြတယ်။ ” လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ် ။
သံရုံးကို အခွန်ဆောင်တဲ့အခါမှာ ၂၀၂၅ ခုနှစ်မှ ထိုင်းကို ရောက်ရှိတဲ့ မြန်မာလုပ်သားတွေကိုလည်း ၂၀၂၃ ခုနှစ်ကစပြီး လပေါင်း ၃၀ ကျော်စာတွက်ကာ အခွန်ဆောင်နေရတယ်လို့ သိရပါတယ်။
” သူတက်လာတာ ၂၀၂၅ ခုနှစ်မှထိုင်းကို တက်လာတာ ။သူလည်း စာအုပ်သက်တမ်းက ၂၀၂၇ မှကုန်မှာ ။ စာအုပ်က လုပ်ထားပြီး မြန်မာမှာကြာနေတာ ။ ၂၀၂၅ ရောက်မှ ထိုင်းကို လာခွင့်ရတာ ။ အဲဒါကို သူမနေခဲ့တဲ့ နှစ်တွေ အတွက်ပါ အခွန်ဆောင်ရတယ်။ ကြိုတင်တိုးခလည်း ပေးရတယ်။ဒါပေမယ့် ပေးရတာပဲလေ ။ မပေးရင်လည်း မလုပ်ဘူးဆိုတော့လေ ။ နေတဲ့သူတွေက ပေးရတာထားပါတော့ ။မနေခဲ့သူတွေက ပေးရတာကျတော့ ခက်တယ်။ ” လို့ သူက ထပ်ပြောပါတယ် ။
လက်ရှိ ထိုင်းနိုင်ငံမှာ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးကြမ်းနေတာကတကြောင်း ၊ စာအုပ်သက်တမ်းရှိမှသာ အလုပ်လုပ်ကိုင်ရတာအဆင်ပြေသလို အလုပ်ကိုင်သစ်ရှာဖွေနေသူတွေမှာလည်း ပတ်စ်ပို့စာအုပ်သက်တမ်းရှိမှသာ အလုပ်ရရှိမှုမြန်တာကြောင့် သက်တမ်းကုန်သူတွေအနေနဲ့ သက်တမ်းတိုးတာကို မဖြစ်မနေ လုပ်ဆောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါကြောင့် မြန်မာလုပ်သားတွေအနေနဲ့ အလုပ်အကိုင်အဆင်မပြေပေမယ့်လည်း ပတ်စ်ပို့ သက်တမ်းတိုးနေရပြီး လုပ်ခလစာတလစာလောက်ကုန်ကျမှုရှိတဲ့အတွက် တချို့မြန်မာလုပ်သားတွေ အဆင်မပြေကြဘူးလို့ သိရပါတယ်။
ပြည်ပရောက် မြန်မာလုပ် တွေအနေနဲ့ ရရှိတဲ့ လုပ်ခလစာဝင်ငွေအပေါ် အခွန်ပေးဆောင်ဖို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဝင်ငွေခွန်ဆောင်ရာမှာ တလတကြိမ် ၊ သုံးလတကြိမ် ၊ နှစ်စဥ် ပေးဆောင်နိုင်ကြောင်း အသိပေးခဲ့ပေမယ့် အခွန်ဆောင်သူ အလွန်နည်းတဲ့အတွက် ပတ်စ်ပို့သက်တမ်းတိုးရာမှာ အခွန်ဆောင်မှ သက်တမ်းတိုးပေးတဲ့ကိစ္စတွေ ရှိလာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။
ထိုင်းအစိုးရနဲ့ မြန်မာအစိုးရအကြားမှာ ရာဇဝတ်မှုကျူးလွန်သူတွေ ကို အပြန်အလှန်လွှဲပြောင်းခြင်း နဲ့ (extradition) ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု (MoU) တရပ်ကိုတော့ လက်မှတ်ရေးထိုးထားတာ ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
