နိုင်ငံသစ် တည်ဆောက်ဖို့ အရှိန် နှစ်နှစ်ယူပြီး တည်ဆောက်မှုအတွက် သုံးနှစ် အချိန်ယူမယ်လို့ နိုင်ငံတော်သမ္မတပြော

ဇူလိုင် ၃၁ – ၂၀၂၆
SS (VOM)
နိုင်ငံသစ် တည်ဆောက်ဖို့ အရှိန် နှစ်နှစ်ယူပြီး အရှိန်အဟုန်နဲ့ တည်ဆောက်မှုအတွက် သုံးနှစ် အချိန်ယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်ရဲ့ အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အစိုးရတာဝန်ယူခဲ့တဲ့ ရက်ပေါင်း ၁၀၀ ကာလဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို စတင်ချမှတ်နိုင်တဲ့ သမိုင်းဝင်ကာလတခုဖြစ်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဆိုတဲ့ ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက် ရှိနေတယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
ဒါအပြင် နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာလည်း ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ပြီး ပြည်ပမှ သွင်းကုန်တွေကို လျှော့ချသွားမှာဖြစ်ကာ အထူးသဖြင့် စားအုန်းဆီ၊ စက်သုံးဆီ၊ တိရိစ္ဆာန်အစာနဲ့ ဆေးဝါးတွေ အပါအဝင် သွင်းကုန်တွေကို လျှော့ချကာ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချသွားမယ်လို့ သူက ပြောပါတယ်။
“ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီစားသုံးမှုပမာဏအရ လူတယောက်အနေနဲ့ တနှစ်မှာ ဆီ ၅ ပိဿာကနေ ၆ ပိဿာကြားသာ စားသုံးသင့်ကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ တနှစ်မှာ ဆီ ၈ ပိဿာကျော်အထိ စားသုံးနေကြတာဖြစ်တဲ့အတွက် ပုံမှန် သုံးစွဲသင့်တဲ့ ပမာဏထက် များစွာ ကျော်လွန်သုံးစွဲနေတာကိုလည်း စစ်တမ်းတွေအရ သိရှိရပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကြိတ်ခွဲနိုင်ဖို့ထက် ပိုလျှံနေတဲ့ ဆီထွက်သီးနှံကုန်ကြမ်းတွေ၊ အထူးသဖြင့် မြေပဲနဲ့နှမ်းကို ပြည်ပကို တင်ပို့ခြင်းနဲ့ နိုင်ငံခြားဝင်ငွေ ရရှိနေပေမယ့် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု လုံလောက်မှုမရှိတဲ့အတွက် ပြည်ပက စားသုံးဆီ တင်သွင်းရတဲ့အတွက် ကုန်ကျတဲ့ နိုင်ငံခြားငွေပမာဏများပြီး ၂၀၂၄ ခုနှစ်မှာ တန်ချိန် ၅ ဒသမ ၅ သိန်းနဲ့ ၂၀၂၅ ခုနှစ်မှာ ၆ ဒသမ ၄ သိန်း တင်သွင်းခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မွေးမြူရေးကဏ္ဍမှာလည်း တိုင်းနဲ့ပြည်နယ် အများစုမှာ ကြက်သားနဲ့ ဝက်သား ထုတ်လုပ်မှု ဖူလုံမှုမရှိတာကို တွေ့ရပြီး အဲဒီလိုပဲ အခြေခံအစားအစာဖြစ်တဲ့ ကြက်ဥ၊ ဘဲဥကလည်း ဒေသ တော်တော်များများမှာ ဖူလုံမှုမရှိတာကိုလည်း တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။
နိုင်ငံရဲ့ လူဦးရေ ၅၁ ဒသမ ၄ သန်းနဲ့ တွက်ချက်ကြည့်မယ်ဆိုပါက ဥစားကြက်၊ ဥစားဘဲ မွေးမြူရေးက ဈေးကွက်လိုအပ်ချက်ကို ပြည့်မီဖို့ များစွာ လိုအပ်နေသေးပြီး စားသောက်မှုနဲ့ ထုတ်လုပ်မှု ကွာဟချက် ကြီးမားနေတာတွေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေတာလို့ သူက ပြောပါတယ်။
ဒါကြောင့် စားသုံးမှုဖူလုံစေဖို့ မွေးမြူရေးကဏ္ဍကို တိုးမြှင့် ဆောင်ရွက်သွားဖို့ လိုအပ်သလို မွေးမြူရေးမှာ အရေးကြီးတဲ့ တိရစ္ဆာန်အစာ ကုန်ကြမ်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ပြောင်း၊ ဆန်ကွဲ၊ ဖွဲ၊ ပဲဖတ်တို့ဟာ ပြည်တွင်းမှာ ထွက်ရှိတာဖြစ်တဲ့အတွက် ပြည်ပက တင်သွင်းနေရတဲ့ တိရစ္ဆာန်အစာ တင်သွင်းမှုကိုလည်း လျှော့ချသွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် စက်သုံးဆီကဏ္ဍမှာလည်း လက်ရှိ ဆောင်ရွက်နေတဲ့ စက်သုံးဆီချွေတာတဲ့ စနစ်တွေကြောင့် တရက်ကို အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့်၊ တလကို ဒေါ်လာ ၂၁၀ သန်းခန့် သက်သာလာကာ စက်သုံးဆီ တင်သွင်းမှုအတွက် နိုင်ငံခြားငွေ ဒေါ်လာ သန်း ၁,၀၀၀ ကျော် သက်သာစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“မော်တော်ယာဉ်တွေကို စုံရက်/ မရက် သတ်မှတ်ပြီး မောင်းနှင်စေခြင်း၊ ဗုဒ္ဓဟူးနေ့မှာ Work from Home ဆောင်ရွက်စေခြင်းတို့နဲ့ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုး စက်သုံးဆီ တင်သွင်းနေရတဲ့အတွက် စက်သုံးဆီ ချွေတာရေးကိုလည်း အမျိုးသားရေးမူဝါဒအဖြစ် လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုကလည်း ခြိုးခြံချွေတာပြီး ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
စက်သုံးဆီအပေါ်မှာ မှီခိုမှုကို လျှော့ချနိုင်ဖို့အတွက် မီးရထားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေတာဖြစ်ပြီး အစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ရန်ကုန် – မန္တလေး၊ ရန်ကုန် – မော်လမြိုင်နဲ့ ရန်ကုန် – ပြည် ရထားတွေကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့နိုင်ခဲ့သလို ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် တရက်ကို လူစီးရထား စုစုပေါင်း ၇၆ စင်း ပြေးဆွဲပေးနေ တယ်လို့ သမ္မတက ဆက်လက် ပြောကြားခဲ့ပါတယ်။
ဒါအပြင် နိုင်ငံရဲ့ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့လည်း သမ္မတက “ငွေကြေး ကြွယ်ဝသူတွေဟာ ကုန်ထုတ်လုပ်မှုတွေ၊ လုပ်အားအင်အား ဦးစားပေးတဲ့ လုပ်ငန်းတွေအစား ဆူလွယ်နပ်လွယ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေး၊ ရွှေ၊ နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်မှုတွေမှာပဲအဓိက လုပ်ဆောင်နေတာကိုပဲ တွေ့ရှိရတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ငွေကြေးအရင်းအနှီး တတ်နိုင်သူတွေအနေနဲ့ ဒီလိုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့်အစား စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သက်မွေးကို အခြေခံတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ ပိုမိုရင်းနှီး မြုပ်နှံသွားကြဖို့လည်း လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတက တိုက်တွန်း ပြောကြားပါတယ်။
ဒါအပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာတွေနဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာတွေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၇ ခုနှစ်မှာ ကျင်းပ ပြုလုပ်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၅ နယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၈ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၁၇၂ နယ်၊ မြို့နယ် ၁၀၂ မြို့နယ်တို့မှာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲတွေကို ဥပဒေနဲ့အညီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
“၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်နိုင်ဖို့အတွက်လည်း မဲဆန္ဒရှင်စာရင်းတွေ ပြုစုခြင်း၊ မဲပေးစက်တွေ ခန့်ခွဲနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း အစရှိတဲ့ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်တွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း သတင်းစကား ပါးလိုပါတယ်” လို့ သမ္မတက ပြောပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ် ၆၈၈ နယ်မှာ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ယောက်ကို ရွေးချယ်တင်မြှောက်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတက အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW