ဇူလိုင် ၃၁ – ၂၀၂၆
SS (VOM)
မိမိပိုင် ယာဉ်နံပါတ်ကို အတုပွားပြီး မသမာတဲ့ နည်းလမ်းနဲ့ စက်သုံးဆီ ဝယ်ယူနေသူတွေကြောင့် ထိခိုက်နစ်နာနေရတဲ့ ယာဉ်ပိုင်ရှင်တွေအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ် ပြန်လည် ထုတ်ပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၃၀ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ထိခိုက်နစ်နာနေရတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ QR Code အသစ် ရရှိရေးအတွက် အချက်အလက်၊ အထောက်အထားတွေနဲ့တကွ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို လျှောက်ထားရမှာ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အစစ်အမှန်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ ထောက်ခံချက်မူရင်း၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် မိတ္တူ (Colour)၊ ယာဉ်ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ (Colour)၊ နေရပ်လိပ်စာ (မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်) နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ မိမိပိုင် ယာဉ်နံပါတ်နဲ့ တခြား စက်သုံးဆီဆိုင်တွေမှာ ဝယ်ယူထားတဲ့ အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည်) စတဲ့ အချက်အလက်တွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
“ပွားခံရတဲ့ကားကနေ ဆီခိုးထုတ်တာခံနေရတဲ့ တရားဝင် ကားပိုင်ရှင်တွေအတွက် ဖြေရှင်းရလွယ်အောင် ဆီ‘ကိုတာ’ အပြည့်အဝ ထည့်လို့ရအောင် စီစဥ်ပေးထားတာမျိုးပါ။
QR အသစ်ထွက်လာတာနဲ့ မသမာသူတွေ ကိုင်ဆောင်ထားတဲ့ QR Code အဟောင်းက အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဆီထုတ်တဲ့နေရာမှာ ဘာပြဿနာမှမရှိတဲ့ ယာဥ်တွေကတော့ QR Code အသစ် လျှောက်စရာမလိုပါဘူး” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လျှောက်ထားချက်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးတွေက စိစစ်တင်ပြမှု ဆောင်ရွက်ကာ QR Code အသစ် ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလို ကုဒ်အသစ် ထုတ်ပေးပြီးတဲ့နောက် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်မှာ ပါရှိတဲ့ Barcode (ဒါမှမဟုတ်) အရင်က အသုံးပြုခဲ့တဲ့ QR Code နဲ့ စက်သုံးဆီ ဝယ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါကြောင့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ အသစ်ထုတ်ယူထားတဲ့ QR Code ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း မရှိစေရေးအတွက် ဂရုတစိုက် တာဝန်ယူ ထိန်းသိမ်းထားဖို့လည်း လိုအပ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြည်သူတယောက်က “ကုဒ်အသစ် ရဖို့အတွက် ဟိုရုံးသွား၊ ဒီရုံးသွားနဲ့ အလုပ်က ရှုပ်ဦးမယ်။ ပိုက်ဆံကလည်း ထပ်ကုန်ဦးမယ်။ ကညနသာ အလုပ်သေချာလုပ်ရင် အပွားဆိုတာ ရှိလာစရာအကြောင်း မရှိဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မသမာသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း လိုတယ်။ အခုက ဆိုင်ကယ်တွေပါ အပွားရှိလာတာ တော်တော်ဆိုးတယ်။ ဆိုင်ကယ်အသစ်ကိုတောင် လိုင်စင်အပွားတွေနဲ့ ရောင်းနေကြတာရှိတယ်။ တာဝန်ရှိသူတွေ စိစစ်မှု အင်မတန် အားနည်းနေတာ” လို့ ပြောပါတယ်။
ကားပွားစီးခြင်းဟာ ရာဇဝတ်မှုဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၄၆၈ (လိမ်လည်လှည့်ဖြားရန် အလို့ငှာ စာရွက်စာတမ်းအတု ပြုလုပ်ခြင်း)၊ ပုဒ်မ ၄၇၁ (အတုမှန်းသိလျက် သုံးစွဲခြင်း)၊ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ (လိုင်စင်၊ အမှတ်အသားနဲ့ နံပါတ်ပြားအတု ပြုလုပ်သုံးစွဲခြင်း) နဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ (တရားမဝင် ကုန်သွယ်မှုနဲ့ စည်းကမ်းဖောက်ဖျက်မှု) တို့အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်အထိနဲ့ ငွေဒဏ်တွေပါ ချမှတ်နိုင်တဲ့အပြင် ကားပါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
