၁၁ နှစ်အကြာမှာ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အဖွဲ့ဝင် ၃၅၀ နဲ့အတူ DKBAအဖွဲ့ဆီ ပြန်လည် ပူးပေါင်းသွား

ဇူလိုင် ၃၁ ၊ ၂၀၂၆
CC (VOM)
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)အဖွဲ့ကနေ ခွဲထွက်ထားတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အဖွဲ့ဝင် ၃၅၀ နဲ့အတူ DKBAအဖွဲ့ဆီ ပြန်လည် ပူးပေါင်းသွားပြီဖြစ်တယ်လို့ သိရပါတယ် ။
DKBA ကတော့ ခုလို ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၅၀ ခန့် နဲ့အတူ DKBA အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်းခြင်းကို အသိအမှတ်ပြုတဲ့အပြင် အမှတ်(၃)စစ်ကွပ်ကဲရေးရဲ့ စစ်ကွပ်ကဲရေးမှူး တာဝန်ပေးအပ်လိုက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဗိုလ်မှူးချုပ် စောကျော်သက်ဟာ DKBA အဖွဲ့မှာတုန်းကဆိုရင် ကလို့ထူးဝါးစစ်ကွပ်ကဲရေးမှာ စစ်ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။
အခုလို ပြန်လည်ပူးပေါင်းသွားတဲ့အပေါ် နိုင်ငံရေး သမားတယောက်က ” တိုင်းပြည်အမျိုးသာပြန်လည်သင့်မြတ်ရေးအတွက်ခုချိန်မှာ လုပ်သင့်တဲ့ အချိန်ရောက်နေပြီလို့ မြင်ပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်အားလုံးက ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။အစိုးရအနေနဲ့ကလည်း ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသား အားလုံးလွတ်မြောက်ပေးဖို့လတ်တလောအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြေလျှော့မှုတွေ လုပ်ဆောင်သင့်တဲ့အချိန်တခုရောက်ပြီလို့လည်း မြင်ပါတယ်။အားလုံးက အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုဦးတည်ပြီးသွားရမယ့်အချိန်ဖြစ်နေပြီလို့ မြင်ပါတယ်။ ” လို့ သူရဲ့အမြင်ကို သုံးသပ်ပြောပါတယ်။
DKBA အဖွဲ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိမှာလည်း အစိုးရအဖွဲ့ ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ သိရပါတယ် ။
ဗိုလ်မှူးချုပ် စောကျော်သက်ဟာ DKBA အဖွဲ့ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့ပြီးနောက် ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန်မှာ KNU နဲ့ပူးပေါင်း ပေါင်းပြီး လက်ရှိအစိုးရအဖွဲ့ကို တိုက်ခိုက်ခဲ့သလို မြဝတီ – ကော့ကရိတ် အာရှလမ်းတိုက်ပွဲမှာဆိုရင် ကျားဖြူစစ်ကြောင်းမှူးအဖြစ်လည်း PDF တွေနဲ့အတူ ဦးဆောင် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းတွေအရသိရပါတယ်။
အခု စောကျော်သက်နဲ့အတူ DKBA အဖွဲ့ဆီပူးပေါင်းသွားတဲ့ အဖွဲ့ဝင် ၃၅၀ ထဲမှာ PDF တွေက ပိုများမယ့် အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောဆိုမှုတွေ ရှိထားပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW