ကျုံပျော်မြို့နယ်က ရထားသံလမ်းပေါ် ရေကျော်နေလို့ ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်း

ဩဂုတ် ၅ – ၂၀၂၆
SN (VOM)
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာကြား ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ပုသိမ် – ဟင်္သာတ – မြန်အောင်လမ်းပိုင်း၊ ပုသိမ် – ကြံခင်း အစုန်/အဆန် မီးရထားခရီးစဉ်တွေကို မနေ့ ဩဂုတ် ၄ ရက်ကစပြီး ယာယီ ရပ်နားထားတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးမှာ အဲဒီရေကာတာရဲ့ အောက်ခံ မြစ်ကျိုးအင်းသဲကြောကနေ ရေဖြတ်သန်းမှုကြောင့် တာတမံနိမ့်ကျခဲ့တဲ့အတွက် ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာ မိုင်တိုင်အမှတ် (၁၃၄/ ၇-၁၅) ကြားရှိ ရထားသံလမ်းပေါ် ၂ လက်မလောက် ရေကျော်နေတယ်လို့ သိရပါတယ်။
“ဒီအချိန်က ရထားဖြတ်သန်းဖို့ အန္တရာယ်ရှိနိုင်တယ်။ ရေကျော်နေတဲ့အချိန်ဆို ရေအောက်က သံလမ်းအခြေအနေ၊ ပြီးတော့ မြေသားခိုင်မာမှုပေါ့၊ ဒါတွေကို မသိနိုင်ဘူး။ ရထား လမ်းချော်တာ၊ တိမ်းမှောက်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် အမှတ် (၁၈၁ ၊ ၁၈၂) အဆန်/အစုန် အမြန်ရထား နှစ်စီးရဲ့ ခရီးစဉ်တွေကို ယာယီ ဖျက်သိမ်းထားတာပါ။ ရထားတွေ ပြန်ပြီး ထွက်ခွာနိုင်မယ့်ရက်ကို ကြေညာပေးသွားမှာပါ” လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရထားသံလမ်းပေါ် ရေကျော်နေခြင်းဟာ အလွန်အန္တရာယ်များပြီး မြေသားပျော့ဆင်းကာ သံလမ်းကျွံခြင်း၊ ရထားတိမ်းမှောက်ခြင်း၊ လျှပ်စစ်ပတ်လမ်း ထိခိုက်ခြင်းတို့ကြောင့် ခရီးသည်တွေအတွက် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ခြေ များစေတတ်တယ်လို့ သူက ပြောပါတယ်။
ရေစီးသန်ပါက သံလမ်းအောက်ခံ ကျောက်စရစ်နဲ့ မြေသားတွေကို တိုက်စားယူသွားပြီး သံလမ်းပိုင်း ပျက်စီး၊ ပြတ်တောက်စေတတ်သလို ရထားလမ်းအချက်ပြ ကိရိယာတွေနဲ့ လျှပ်စစ်စနစ်တွေ ရေနစ်မြုပ်ကာ လမ်းကြောင်းပြသမှု မှားယွင်းခြင်း (ဒါမှမဟုတ်) စနစ်ရပ်တန့်ခြင်းတွေ ဖြစ်ပေါ်စေတတ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်းက ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့တာကြောင့် ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာမြို့နယ်မှာ ရေကြီးမှုအခြေအနေ ဆိုးရွားနေဆဲဖြစ်ပြီး ရေကာတာ စတင် ကျိုးပေါက်ချိန်က ပေ ၂၅၀ ‌လောက် ကျယ်ဝန်းခဲ့ပေမယ့် လက်ရှိမှာတော့ ပေ ၃၀၀ နီးပါးအထိ ပိုမို ကျယ်ပြန့်လာကာ ရေစီးဆင်းမှုဟာလည်း အရှိန်အဟုန်မပျက် ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။
အခုအခြေအနေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ရတဲ့ သာမန် ရေကြီးမှုမျိုးမဟုတ်ဘဲ ရေကာတာ ကျိုးပေါက်မှုကြောင့်ဖြစ်လို့ ရေပြန်ကျဖို့ လနဲ့ချီ ကြာမြင့်နိုင်ကာ လက်ရှိရေဘေးဟာ အရေးပေါ်အဆင့်ကို ကျော်လွန်လာပြီး လူမှုရေးနဲ့ စီးပွားရေး အကျပ်အတည်းအဖြစ် ပြောင်းလဲလာနေတယ်လို့ မြေပြင် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာ – ငသိုင်းချောင်း – အိုင်သပြု – ငါးသိုင်းချောင်းလမ်းပိုင်း အများစု ရေလွှမ်းနေပြီး အဲဒီရေတွေဟာ ဟင်္သာတ၊ ကျုံပျော်၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်အစပ် အနိမ့်ပိုင်းနေရာတွေအထိပါ ဝင်ရောက်နေပြီလို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW