ဩဂုတ် ၅၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်းမြို့နယ်၊ နားရိုင်ရွာသစ်ကျေးရွာ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှာရှိတဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) ရုံကို အစိုးရတပ်က မနေ့က နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ၄၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး နှစ်ယောက် ပါဝင်ပြီး မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ယောက်နဲ့ အမျိုးသမီး လေးယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက် လေးလက်၊ ဖုန်း ၆၇ လုံး၊ ကွန်ပျူတာ လေးလုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
နမ့်စန်မြို့အနီးက နားရိုင်ရွာဟာ တရုတ်လူမျိုးတွေ အဓိကနေထိုင်ပြီး နားရိုင်ပြည်သူ့စစ်တပ်ဖွဲ့ ထိန်းချုပ်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အဲရွာတွေက တရုတ်လူမျိုးတွေနေတာများတယ်။ အဲအဆက်အစပ်နဲ့ပဲ ကျားဖြန့်တွေ ရောက်လာတာ။ အခုလို ဝင်ဖမ်းလိုက်တော့ ကောင်းပါတယ်။ ဆက်စပ်တဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်” နမ့်စန်းမြို့ခံ တယောက်က ပြောပါတယ်။
အစိုးရဘက်ကတော့ ဖမ်းမိတဲ့သူတွေကို လိုအပ်သလို စစ်ဆေးမှုတွေ လုပ်နေ ပြီး နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကိုပါ ပြင်းပြင်းထန်ထန် အရေးယူ မယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း မြို့တွေဖြစ်တဲ့ နမ့်စန်၊ ခိုလမ်၊ မိုင်းနောင်မြို့တွေမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို အစိုးရတပ်က မကြာ ခဏဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။
