ဩဂုတ် ၅ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတပါးက ဓားနဲ့ခုတ်လို့ သက်တော် ၇၆ နှစ် အရွယ် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ် ။
ကျောင်းအတွင်း ယာယီလာရောက် သီတင်းသုံးနေထိုင်တဲ့ ဆရာတော် ဦးမာဏိတဟာ မနေ့က ဩဂုတ် ၄ ရက်နေ့ ၊ ည ၁၁ နာရီကျော်လောက်မှာ ကျောင်းဝန်းအတွင်း အရက်မူးပြီး ဓားကိုင်ဆူပူသောင်းကျန်းနေလို့ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသက ဝင်ရောက်ဖြန်ဖြေစဉ် စကားများပြီး ဓားနဲ့ ခုတ်ခဲ့တာ ဖြစ်ပါတယ် ။
” ဓားနဲ့ခုတ်တဲ့ ဘုန်းကြီးက ကျောင်းကအမြဲနေမဟုတ်ဘူး ။ ယာယီလာဝတ်နေတဲ့ ဦးဇင်းလို့သိရတယ်။ ညသန်းခေါင်ကြီး မူးရူးနေတော့ ကျောင်းထိုင်က ပြောတော့ ဓားနဲ့ပြန်ခုတ်လိုက်တာ ။ဆရာတော်က ဒီနေ့မနက် ၂ နာရီကပျံတော်မူသွားတယ်။ ဒဏ်ရာက ခေါင်း ၊ လည်ဂုတ် ၊ ပုခုံးနဲ့ လက်မှာ ရတယ် ။ ဓားနဲ့ခုတ်တဲ့ သူကိုလည်း ဖမ်းထားပါတယ်။
ထင်းခုတ်ဓားနဲ့ ခုတ်တာ ။ ” လို့ ရပ်ကွက်ဒေသခံက ပြောပါတယ် ။
ဓားခုတ်ခံရတဲ့ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသကို ညတွင်းချင်း ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ကုသမှု ခံယူခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသဖို့ စီစဥ်ခဲ့ပေမယ့်လည်း ပျံလွန်တော်မူခဲ့တာလို့ ပြောပါတယ် ။
ကျောင်းထိုင်ဆရာတော်ကို ဓားဖြင့်ခုတ်သတ်ခဲ့တဲ့ ဦးမာဏိတကိုတော့ လူဝတ်လဲ ဖမ်းဆီးပြီး ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးတဲ့လက ရန်ကုန်တိုင်း ၊ မှော်ဘီမြို့ စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ ဘုန်းကြီးဝတ်နေတဲ့ အခါတော်ပေးနှင့် ဗေဒင်နက္ခပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသဟာ ဓားနဲ့ထိုး အသတ်ခံရပြီး ပျံလွန်တော်မှုခဲ့ပါတယ်။
ဓာတ်ပုံ – CJ
