ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ဒရုန်းဗုံးချခံရလို့ ငါးယောက်သေဆုံး ဒဏ်ရာရသူတွေရှိ

ဩဂုတ် ၅ ၊ ၂၀၂၆
GG (VOM)
ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသ မှာ မနေ့က ဩဂုတ် ၄ ရက်နေ့ ညနေပိုင်း ၄ နာရီကျော် လောက်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူတချို့ရှိကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ရှိနေတယ်လို့ ကနဦးသိရပါတယ်။
” သေဆုံးငါးယောက်ရှိတယ်။ ဒရုန်း ဗုံးသီး နှစ်လုံးနဲ့ကြဲသွားတယ်။ ဒဏ်ရာရတာ အသေးစိတ်မသိရသေးဘူး ။ “လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ် ။
အရင်ရက် ဩဂုတ် ၃ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်က ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ထိန်းချုပ်ထားပြီး လမ်းဘေးတလျှောက်ကျေးရွာတွေမှာ အစိုးရတပ်က လုံခြုံရေး ရယူထားတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်မှာ ခုရက်ပိုင်း အတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် အစိုးရတပ်က နယ်မြေရှင်းလင်းရေးအတွက် ​မြေပြင်စစ်ကြောင်းထိုးတာမျိုးရှိကြောင်း ၊ လက်ရှိ ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် ကျေးရွာတချို့က ဒေသခံတွေအများစု စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးကာလဖြစ်တဲ့အတွက် ဖရူဆိုမြို့နယ်အပါအဝင် ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ၊ ဆေးဝါး နဲ့ အမိုးအကာတွေ အဓိက လိုအပ်လာနေတယ်လို့ သိရပါတယ်။
” မိုးကာလမှာ အဓိကတော့ မိုးကာ၊ အခြေခံ စားနပ်ရိက္ခာ တွေက စစ်ရှောင်တွေရဲ့ အခြေခံလိုအပ်ဖြစ်နေတယ် ။ ” လို့ သူက ထပ်ပြောပါတယ် ။
ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာဆိုရင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကနေ ၅၀၀၀ လောက်ရှိထားတယ်လို့ သိရပါတယ်။
အခု မိုးရာသီကာလမှာ ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး နဲ့ ကျန်းမာရေးအတွက် အကူအညီတွေလိုအပ်နေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးအ ခက်ခဲကြောင့်လည်း သွားလာရေး အဆင်မပြေကြဘူးလို့ သိရပါတယ်။
ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ခုချိန်ထိ စစ်ရှောင်နေရသူတွေရှိသလို ခုနောက်ပိုင်းမှာမှ ထပ်တိုးလာတဲ့ စစ်ရှောင်တွေ အများအပြားရှိလာပေမယ့် နောက်ပိုင်းမှာ စစ်ရှောင်တွေအတွက် အလှူရှင်တွေရဲ့ လှူဒါန်းမှု နည်းလာတာကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် ၊ နာတာရှည်ရောဂါသည်တွေ အတွက်အပါအဝင် ဆေးဝါး လိုအပ်ချက် ပိုများလာတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW