ဩဂုတ် ၆၊ ၂၀၂၆
Shy V (VOM)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံကျန်းရေအားလျှပ်စစ်စက်ရုံက ဩဂုတ်လ ၃ ရက် ညပိုင်းကနေ ၆ ရက်နေ့အထိ ရေပိုလွှဲတံခါး ဖွင့်ပြီး ရေထုတ်လွှတ်နေတဲ့အတွက် ရွှေလီမြစ်တလျှောက် နေထိုင်သူတွေ သတိထားကြဖို့ အသိပေးစာ ထုတ်ပြန်ထားပါတယ်။
“သိရသလောက် အသိပေးစာမှာ လုံကျန်းရေအားလျှပ်စစ်စက်ရုံ ရေလှောင်ကန်ကနေ ရေထုတ်လွှတ်မယ်လို့ ရေးထားတယ်။ ရွှေလီမြစ်ရဲ့ အထက်ပိုင်းပေါ့။” လို့ နယ်စပ်ဒေသခံ လူငယ်တယောက်က ပြောပါတယ်။
လုံကျန်းရေအားလျှပ်စစ်စက်ရုံဟာ ယူနန်ပြည်နယ် လုံချွမ်နဲ့ မံစီကြားက Longjiang မြစ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ Longjiang မြစ်ဟာ အောက်ပိုင်းရောက်လာတဲ့အခါ ရွှေလီမြစ်ထဲ စီးဝင်တာကြောင့် အခုလို ရေလွှတ်တာက မြန်မာဘက် ရွှေလီမြစ်ရေမျက်နှာပြင်ကို သက်ရောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မံစီနဲ့ လုံချွမ်ကြားမှာ ရေအားလျှပ်စစ် ရေကာတာတခုရှိတယ်။ လုံကျန်းရေအားလျှပ်စစ်လေ။ အဲဒီမှာ ရေပြည့်လာပြီထင်တယ်။ အဲဒါကြောင့် ရေလွှတ်တာ ဖြစ်မယ်။” လို့ နယ်စပ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
မံစီမြစ်နဲ့ လုံချွမ်မြစ်တို့ ပေါင်းဆုံပြီးမှ ရွှေလီမြစ် ဖြစ်လာတာဖြစ်ပြီး၊ အဲဒီမြစ်ဟာ ဝမ်တိန်ကနေ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေကို ဖြတ်သန်းစီးဆင်းကာ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်အနီးက အင်းရွာမှာ ဧရာဝတီမြစ်ထဲ စီးဝင်တာဖြစ်ပါတယ်။
လုံကျန်းရေအားလျှပ်စစ်စက်ရုံရဲ့ အသိပေးချက်မှာတော့ ဩဂုတ်လ ၃ ရက်ကနေ ၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် မြစ်ဝှမ်းအတွင်း ရေဝင်ရောက်မှု များလာနိုင်ပြီး ရေလှောင်ကန်ကို လုံခြုံတဲ့ ရေမှတ်အောက်မှာ ဆက်ထိန်းထားနိုင်ဖို့ ဩဂုတ်လ ၃ ရက် ည ၈ နာရီခွဲဝန်းကျင်ကစပြီး ရေပိုလွှဲတံခါးတွေ ဖွင့်လှစ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ရေလွှတ်ချိန်အတွင်း စက်ရုံက ထွက်ရှိမယ့် စုစုပေါင်း ရေစီးနှုန်းကတော့ တစက္ကန့်ကို ၄၀၀ ကနေ ၁,၀၀၀ ကုဗမီတာအထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြစ်အောက်ပိုင်းက ဒေသခံတွေအနေနဲ့ မြစ်ထဲ ရေဆင်းချိုးတာ၊ ငါးဖမ်းတာ၊ ရေဆော့တာ၊ သဲတူးဖော်တာနဲ့ မြစ်အတွင်း လုပ်ငန်းတွေကို ယာယီရပ်နားထားပြီး မြစ်ကမ်းအနီးကို မလိုအပ်ဘဲ မသွားကြဖို့လည်း သတိပေးထားပါတယ်။
မြန်မာဘက်မှာတော့ ရွှေလီမြစ်ဟာ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို ဖြတ်သန်းစီးဆင်းတာကြောင့် ရေလွှတ်တဲ့ ပမာဏနဲ့ မိုးရွာသွန်းမှု အခြေအနေပေါ် မူတည်ပြီး မြစ်ကမ်းတလျှောက် ရေမြင့်တက်လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
