ဩဂုတ် ၅ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်ထဲက မှော်ရုံမြိုင်ကျေးရွာနဲ့ နမ့်တောဒေသမှာ ချောင်းရေကြီးမှုကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဒီကနေ့ ဩဂုတ် ၅ ရက်၊ မနက်ပိုင်းမှာ မိုင်ဝယ်ကျေးရွာအုပ်စုနဲ့ မော်ရုံမြိုင်ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းတဲ့ နမ့်ခွဲတဲချောင်းရေ ရုတ်တရက် မြင့်တက်လာတဲ့အတွက် မော်ရုံမြိုင်ကျေးရွာရှိ လူနေအိမ်တချို့ ရေစီးနဲ့အတူ မျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ရေတက်အရမ်းမြန်တယ်။ ရေစီးနှုန်းလည်း ကြမ်းတယ်။ တချို့အိမ်တွေဆို ခဏလေးအတွင်းမှာကို ရေတိုက်စားပြီး ပါသွားတာ။ ပစ္စည်းတွေကို ဘေးလွတ်ရာကို ခက်ခက်ခဲခဲ ရွှေ့ပြောင်းနေရတယ်။ ဘေးရွာတွေကလူတွေ လာပြီး ဝိုင်းကူရွှေ့ပေးကြပါတယ်။ SNA က တာဝန်ရှိသူတွေလည်း လာကူပြီး ရွှေ့ပေးကြတယ်။ အိမ်ဘယ်နှစ်လုံး ရေထဲပါသွားတယ်ဆိုတာတော့ ဘယ်သူမှ စာရင်းမကောက်နိုင်သေးဘူး။ လောလောဆယ် ရွှေ့ပြောင်းဖို့ကိုပဲ ဦးစားပေး လုပ်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၈၉၁)၊ တပ်ရင်း (၄) တပ်ဖွဲ့ဝင်တွေ၊ ထမံသီရဲစခန်း တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်ရာ ရွာတွေက ဒေသခံတွေက ကူညီရွှေ့ပြောင်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ နမ့်တောဒေသမှာလည်း မနေ့ ဩဂုတ် ၄ ရက်၊ ညနေပိုင်းကစပြီး ဥရုချောင်း၊ ချောင်းကြီးချောင်းနဲ့ နမ့်ရုန်ချောင်းရေတွေ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ရေကြီးနေတာမှာ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းတွေအပြင် ဒေသတွင်း လမ်းမကြီးတွေနဲ့ ဈေးဆိုင်ခန်း၊ လူနေအိမ်တွေထဲ ရေဝင်ရောက်နေပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်း နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
“မိုးဆက်တိုက်ရွာလိုက်တော့ ရေတွေအဆမတန် များလာတာ။ နမ့်တောအခုလို ရေကြီးတာ တသက်နဲ့တကိုယ် ခုမှကြုံဖူးတယ်။ လမ်းတွေအကုန် ပြည့်လျှံကုန်တာ။ ဥရုချောင်းကလည်း ဒီမနက်မှာ ရေထပ်တိုးနေတယ်၊ မိုးကလည်း ရွာနေတုန်းဆိုတော့ အခြေအနေက စိတ်မချရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ ရေဘေးအခြေအနေကို ဆက်လက် စောင့်ကြည့်လျက်ရှိပြီး ဒေသခံတွေကိုလည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။
“နမ့်တောရဲ့ အထက်ဘက်မှာ ချောင်းကြီးချောင်း ဆိုတာလည်း ရှိတယ်လေ။ ဗန်းမောက်ဘက်ကနေ ဆင်းလာတဲ့ချောင်း။ အဲဒီ ချောင်းဘက်ကနေလည်း ရေများတယ်။ ဥရုချောင်းရေလည်း ရှိတယ်။ နမ့်ရုန်ချောင်းကလည်း ရေဝင်နေတယ်။ မိုးကလည်း အခုထက်ထိကို မနားဘူး။ တောက်လျှောက် ရွာနေတာ” လို့ ဒေသခံက ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းမှာလည်း မိုးကုတ်မြို့ အနောက်ပိုင်း၊ ပန်းမရပ်ကွက်၊ အောင်သစ်လွင်ကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနရံတွေ ပြိုကျခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒဏ်ရာရတာက ပန်းမလျှိုကပါ။ တောင်စောင်းပြိုလို့ အိမ်ပြိုတာ။ ပန်းမက တခါမှ မပြိုဖူးဘူး။ အခုမှဖြစ်တာ။ အခုလက်ရှိ မိုးအခြေအနေက သည်းတော့မသည်းပေမယ့် ဆက်ရွာနေတုန်းပဲဆိုတော့ ကမ္ဘားနံရံမြင့်တဲ့ နေရာကအိမ်တွေ၊ တောင်စောင်း၊ ရေချောင်းအနီး အထူးဂရုစိုက်ကြဖို့လိုတယ်။ မြို့လယ်က ရေနီချောင်းကလည်း ရေပြည့်လာပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မိုးကုတ်မြို့ကနေ မန္တလေးမြို့ဘက်အဆင်း ဘန့်ဘွေးကုန်းနဲ့ စိန်ကုန်းကြားမှာလည်း မြေပြိုလို့ လမ်းပိတ်ထားရတာကြောင့် အုန်ဒန်ကျေးရွာမှာ လိုင်းကားတွေအများကြီး ပိတ်မိနေကြတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၅ ရက်၊ မနက် ၈ နာရီအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနဲ့ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် ဒီနေ့ မနက်ပိုင်းမှ လာမယ့် သြဂုတ် ၈ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမယ့် ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
