အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေအိမ်တွေဖျက်သိမ်းခံရမယ့် ဒေသခံတွေ တွေ့ဆုံ

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၆
SA(VOM)
ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ညနေ ၃ နာရီဝန်းကျင်မှာ အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဇော်အောင်ထက်နဲ့ ဒေါ်စောမြိုင်တို့က နေအိမ်တွေ ဖျက်သိမ်းခံရမယ့် အုပ်စုသုံးခုက ဒေသခံတွေနဲ့ ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့ဖြစ်စေချင်တဲ့ လိုလားချက်တွေကို တင်ပြခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဥပဒေဘောင်အတွင်းက သူတို့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက ထုတ်ပြန်တဲ့ ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားတဲ့ အဆောက်အဦးများ (အခိုင်အမာ ကာရံထားသော ကျောက်တိုင်များကို ဖယ်ရှားသွားရန်) ကို သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့အပြင် လိုက်နာမှုမရှိရင် သက်ဆိုင်ရာ တရားရုံးကနေ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တရားစွဲဆို ဆောင်ရွက်မယ်လို့လည်း ပါရှိပါတယ်။
အဲ့ဒီကွင်းအမှတ် ၆၀၃ မှာ ဦးမြင့်ဆွေ၊ ဦးသိန်းဌေး၊ ဦးသာဟန်၊ ဦးကျော်စွာဝင်း၊ ဒေါ်လှရင်၊ ဒေါ်လှလှဝင်း တို့က ပုံစံ ၇ အမည်ပေါက်ထားတာဖြစ်ပြီး ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၀ ခုနှစ်တွေမှာ ကိုင်းမြေတွေကို ဝန်းခြံခတ်၊ အကွက်ရိုက် ရောင်းချထားတာထားတာ ၅၄ ကွက်ရှိတယ်လို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိတဲ့ စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်တာကြောင့် လယ် ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်၄င်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်သော်၄င်း လာရောက်ထုတ်ယူဖို့ ကြေငြာစာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း မှာ ရွာမြေအပါအဝင် နေအိမ် တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်း ရွှေ့ရခြင်း မရှိကြောင်း နှင့် လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ်ဝယ်ယူ မိသူများ ဖြစ်ပါက ဆုံးရှုံးမှုသက်သာစေရေးအတွက် ကုမ္ပဏီ အနေနှင့် တတ်နိုင်သမျှ အကောင်းဆုံးကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၄) ရက်နေ့ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW