သြဂုတ် -၇-၂၀၂၆
EPM(VOM)
ကျိုးပေါက်သွားသော ငဝန်မြစ် ရေကာတာတမံ ကြောင့် ရေလွှမ်းမိုးမှု ဧရိယာ ကျယ်ပြန့်လာနိုင်တဲ့အတွက် အချိန် တပတ်အတွင်း အပြီးသတ်ပြုပြင်တည် ဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
“ တာ နိမ့်ပြီး ရေဝင်သွားတဲ့နေရာကို ကျွန်တော်တို့ ဆည်မြောင်းဦးစီးဌာန ၊ ဆောက်လုပ်ရေး ၊ ရေအ ရင်းမြစ် ၊ မြစ်ချောင်းဖြိုး ဒီဌာနတွေအားလုံး ဝိုင်းပြီးတော့မှ နောက်ထပ် တပတ်အတွင်း အပြီးသတ် ဖို့အတွက် ကြိုးစားနေပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးအေးကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ က တည်ထောင်ထားတဲ့ လူမူကွန်ယက်ကနေ ဖြေကြားထားပါတယ်။
ကျိုးပေါက်သွားတဲ့ ငဝန်မြစ် ရေကာတမံရဲ့ အကျယ်ဟာ ပေ၃၉၀ ရှိပြီး ရေအနက်မှာ ပေ ၁၀ ပေကနေ ပေ ၂၀ အထိ ရှိတာကို တိုင်းတာ တွေ့ရှိရပြီး မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ဇူလိုင် လ ၃၀ ရက်နေ့ကနေ ရေကျိုးပေါက်ရာမှာ တဖြည်းဖြည်း ကြီးမား လာခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကာတာ ကျိုးပေါက်ရာ နေရာဟာ မြစ်ကြောင်းဟောင်း နေရာဖြစ်ပြီး နုန်းဆန်တဲ့ မြေတွေပို့လာတဲ့ အတွက်ကြောင့် အောက်ခြေ မြေတွေဟာ ခိုင်ခန့်မှု မရှိဘဲ ရေအလေးချိန်ကို မခံနိုင်ကာ ကျိုးပေါက်တာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။
“ ရက်ပိုင်းအတွင်း ရေ ရပ်တန့်ဖို့ ပေ ၈၉၀ ကျယ်တဲ့ ဂ ငယ်ပုံစံ ရေတားတမံကို ပေ ၄၀ ရှည်တဲ့ Sheet pipe ၆၈၅ ချောင်း သုံးကာ အခိုင်ခံ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဲ့ပစ္စည်းတွေရောက်ပြီး ဆောက်မှာနဲ့ဆိုရင် ခြောက်ရက်လောက် ကြာမယ် ပြောပါတယ်။” လို့ဧရာဝတီတိုင်းဒေသကြီး ၊ လေး မျက်နှာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ပြောပါတယ်။
ရေတားတမံ တည်ဆောက်ဖို့ အသုံးပြုမယ့် Geobagတွေကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ ရောက်ရှိနေပြီး တမံကျိုးပေါက်ရာ နေရာသို့ ရေလမ်းအသုံးပြုပြီး သယ်ယူနေကြောင်းသိရပါတယ်။
“ ဖာတော့ ဖာနေကြတယ်။ မနေ့က ကတည်းက လုပ်နေကြတာ ၊ ရေစီးအရမ်းသန်တော့ လုပ်ရ ကိုင် ရတာ ခက်ခဲနေတယ်။ ရေစီး လျော့အောင် ရေတားတာတွေ လုပ်နေပါတယ်။ အများဆုံး ဆယ်ရက်အတွင်း ပြီးအောင်လုပ်ဖို့ စီစဥ်ထားပါတယ်။” လို့ အဲဒီ တမံဖာထေးရေး ကူညီဆောင်ရွက်နေတဲ့ ရန်ကုန်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာတယောက်က ပြောပါတယ်။
ငဝန်မြစ်ဟာ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် တခု ဖြစ်ပြီး လေးမျက်နှာမြို့အနီးက ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစင်းဖြစ်ပါတယ်။ အခု ကျိုးပေါက်တဲ့ ရေကာတားတမံဟာ ငဝန်မြစ် အရှေ့ဘက် ကမ်းမှာ ရှိတဲ့ တမံဖြစ်ပါတယ်။
အဲဒီဒေသသည် ရေကြီး ရေလျှံမှုများ ရှိပြီး ၁၉၇၄ ခုနှစ် ၊ ၁၉၉၁ ခုနှစ် နဲ့ ၁၉၉၇ ခုနှစ်မှာ တကြိမ်စီရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ လေးမျက်နှာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
အဆိုပါ ရေတမံတွေဟာ မြေသားနဲ့သာ ပြုလုပ်ထားပြီး နှစ်ပေါင်း ၁၄၀ သက်တမ်းရှိကာ အို ဟောင်းနေတဲ့ တမံတွေသာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
