မုံရွာ သြဂုတ်- ၁၀ -၂၀၂၆
MW(VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်က၂၆မိုင်ရှိတဲ့ မော်လော်-ခမောင်း-မစ်ထောင် ရွာချင်းဆက်ကားလမ်းကို ၅နှစ်ကြာအချိန်ယူဆောင်ရွက်ပေးမယ်လို့ စစ်ကိုင်းတိုင်းအစိုးရ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင်စိုးက လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။
“၂၀၂၇-၂၈ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၆မိုင်၊ ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း ၅မိုင်၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ လျာထားဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ကားလမ်းဖောက်လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ ဗိုလ်မှုးကြီးဝင်းတင်စိုးကဖြေပါတယ်။
ဩဂုတ်လ၆ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ခန္တီးမြို့နယ်အမှတ်၁တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက ခန္တီးမြို့နယ် မော်လော်-ခမောင်း-မစ်ထောင်ကျေးရွာချင်းဆက်လမ်း ၂၆မိုင်ကို ကားလမ်းဖောက်လုပ်ပေးဖို့ အစီအစဥ်ရှိ၊မရှိ သိရှိလိုကြောင်းမေးမြန်းရာမှာ ဝန်ကြီးကဖြေကြားခဲ့တာပါ။
“ဒီရွာတွေကို ခရိုင်အုပ်ချုပ်ရေးမှုးအဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တွေမရောက်နိုင်ပါဘူး။ ဆိုင်ကယ်လမ်းဖောက်ထားပေမယ့် သွားလို့မရဘူး။ အဲဒီသွားမယ်ဆိုရင် ထန်ပါခွေကိုဖြတ်ပြီး သွားရတဲ့လမ်းတွေဖြစ်ပါတယ်။ ပညာရေး၊ကျန်းမာရေးအတွက် သွားလာဖို့ခက်ခဲတဲ့လမ်းဖြစ်နေတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။ အခုအခါမှာ ကျေးလက်နေပြည်သူတွေရဲ့ဘဝကိုနိုင်ငံတော်ကနေ မျိုးစုံ ဘက်စုံ ထောင့်စုံကနေကူညီနေတာကို တွေ့မြင်နေရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ မော်လော်-ခမောင်း- မစ်ထောင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ၂၆မိုင်ကို မြေသားလမ်းဖောက်လုပ်ပေးစေချင်ပါတယ်။”လို့ ဦးမြတ်ကိုကပြောပါတယ်။
ကျေးရွာ၃ရွာဟာ ၂၆မိုင်ရှည်လျားပြီး နိုင်ငံတော်အစိုးရက ဆိုင်ကယ်လမ်းဖောက်ပေးထားတာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ကုန်ထုတ်လမ်းတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ ရွာ ၃ရွာဟာ ခန္တီးမြို့နယ်အစွန်အဖျားမှာရှိပြီး နာဂဒေသ လဟယ်မြို့နယ်အစပ်မှာတည်ရှိတဲ့ သွားလာမှုခက်ခဲပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက လုပ်ကိုင်စားသောက်ကြတာပါ။
