ဩဂုတ် ၁၀ ၊ ၂၀၂၆
GG (VOM)
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူတွေရဲ့ အမှတ်စာရင်း ထုတ်ယူဖို့အတွက် အွန်လိုင်းကနေ https://osp.dme.gov.mm/ မှာဝင်ရောက်ပြီး ရက်ချိန်းရယူကာ ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။
စာမေးပွဲကျရှုံးသူတွေရဲ့ အမှတ်စာရင်းကို ထုတ်ယူရာမှာ ခုံအမှတ် နဲ့လိုအပ်တဲ့ အချက်အလက်တွေ ထည့်သွင်းပြီး ရရှိတဲ့ ရက်ချိန်းအတိုင်း နေပြည်တော်နဲ့ ရန်ကုန်မှာ ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
” စာမေးပွဲကျရှုံး အမှတ်စာရင်းကို ရက်ချိန်းယူပြီး ထုတ်လို့ရပါပြီ။ ထုတ်ရမယ့် ပုံစံကတော့ စာမေးပွဲအောင်မြင်သူတွေရဲ့ အမှတ်စာရင်း ထုတ်သလို အချက်အလက်အတူပါပဲ ။ရတဲ့ ရက်ချိန်းမှာ အမှတ်စာရင်း ထုတ်ယူလို့ရပြီ။ ” လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဝန်ထမ်းတယောက်က ပြောပါတယ်။
စာမေးပွဲကျရှုံး အမှတ်စာရင်း ထုတ်ယူဖို့အတွက် စာမေးပွဲ အောင်မြင်သူတွေရဲ့အမှတ်စာရင်းထုတ်ယူတဲ့အတိုင်း အချက်အလက် အတူတူဖြစ်တာကြောင့် စာမေးပွဲအောင်မြင်သူတွေရဲ့ အမှတ်စာရင်း ထုတ်ယူတဲ့နည်းအတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စာမေးပွဲအောင်မြင်သူတွေကတော့ အမှတ်စာရင်းထုတ်ယူဖို့အတွက် အွန်လိုင်းကနေရက်ချိန်းယူပြီး စနစ်ကနေ ထုတ်ပေးမယ့် လုပ်ငန်းစဉ် QR နဲ့ အတူ နိုင်ငံသားစိစစ်ရေးကတ်/ယာဉ်မောင်းလိုင်စင် မူရင်းနဲ့အတူ လာရောက်ထုတ်ယူရတာ ဖြစ်ပါတယ်။
တကယ်လို့ စနစ်မှာ ဖြည့်သွင်းထားတဲ့ အချက်အလက်နဲ့ အမှတ်စာရင်း လာရောက်ထုတ်ယူသူအချက်အလက် ကွဲလွဲပါက ရက်ချိန်းရယူထားမှုကို ပယ်ဖျက်ပြီး အမှတ်စာရင်း ထုတ်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။
နောက်ပြီး ရက်ချိန်းရယူစဉ် ဖြည့်သွင်းခဲ့တဲ့ ခုံအမှတ်အတိုင်းသာ အမှတ်စာရင်းထုတ်ပေးမှာဖြစ်တယ်လို့ အချက်အလက်မှန်အောင် ဖြည့်ဖို့လိုအပ်တယ်လို့ သိရပါတယ်။
” ကျရှံးသူတွေ အမှတ်စာရင်း ထုတ်ဖို့ ရက်ချိန်းယူလို့ရပြီဆိုလို့ ကျွန်မတော့ ဝက်ဆိုက်ဘ် ဝင်ကြည့်တာ ခုထိ ဝင်မရသေးလို့ ဘာမှမသိရသေးဘူး ။ ကျရှုံးဘာသာကိုသိတော့ ပိုအားစိုက်သင့်တာ အားစိုက်လို့ရတာပေါ့လေ။ ကိုယ်တိုင်မထုတ်နိုင်လို့ ကလေးရဲ့ ဆရာမကိုပဲ ထုတ်ပေးဖို့ အကူအညီတောင်းထားရတယ်။ ” လို့ စာမေးပွဲကျရှုံးတဲ့ ကျောင်းသူတယောက်မိခင်က ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေရဲ့ အမှတ်စာရင်းကိုတော့ ဇူလိုင် ၁၆ ရက်နေ့ကစတင် ထုတ်ပေးနေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အမှတ်စာရင်း ထုတ်ဖို့ ကျန်နေသူတွေအများအပြားရှိတယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကတော့ ထုတ်ပေးခြင်းမရှိသေးဘဲ ယခုဩဂုတ် လကုန်လောက်မှသာ အခြေအနေသိရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူ ၂၅၅၂၂၈ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး အဲဒီထဲကမှ ၁၃၃၆၇၃ ယောက်အောင်မြင်ခဲ့ပြီး အောင်ချက် ၅၂ . ၃၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ် ။
ဒါကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၁၂၀၀၀၀ ကျော် ရှိခဲ့ပါ တယ်။
ဓာတ်ပုံ – CJ
