ဖရူဆိုမြို့နယ် အနောက်ခြမ်းက ရွာတွေဘက်မှာ ကူးစက်အရေပြားယားနာတွေဖြစ်နေလို့ ဆေးဝါးအရေးတကြီး လိုအပ်နေ

ဩဂုတ် ၁၀ ၊ ၂၀၂၆
CC (VOM)
ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအများစုက ဒေသခံတွေမှာ ကူးစက်အရေးပြားယားနာတွေဖြစ်နေပေမယ့် ဆေးဝါးလိုအပ်ချက်ရှိတာကြောင့် ကူးစက်မှုပိုများလာနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
အရေပြားယားနာဖြစ်သူတွေထဲမှာ ကာလကြာရှည်ဖြစ်ပွားသူတွေရှိပြီး အဲဒီသူတွေကမှတဆင့် အခြားသူတွေကို ထပ်မံကူးစက်ပြီး အရေးပြားယားနာ ဖြစ်ပွားသူအသစ်တွေလည်းထပ်တိုးလာနေတယ် လို့သိရပါတယ်။
အဓိကက အရေပြာယားနာ ဖြစ်ပွားသူတွေအတွက် ထိရောက်တဲ့ ယားနာလိမ်းဆေးတွေ ၊ သောက်ဆေး တွေ အလုံအလောက်မရှိတဲ့ အခက်အခဲ ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ အခြေအနေတွေကြောင့် ရောဂါကူးစက်သူပိုများလာတာ​နေတယ်လို့ သိရပါတယ် ။
” တကိုယ်ရေသန့်ရှင်းမှု အားနည်းတာလည်းပါမယ် ။ဆေးဝါးလိုအပ်ချက်လည်း ပါတယ်။ အခုဆို ဖရူဆိုအနောက်မှာ ဒေလကြိုအုပ်စုထဲက ကျေးရွာတွေအများစုမှာ အရေပြားယားနာ တွေဖြစ်နေတယ်။ တယောက်ကို ဆေးခြောက်ဗူးလိမ်းလို့ပျောက်နိုင်ချိန်မှာ နှစ်ဗူးလောက်ပဲ အခမဲ့ပေးနိုင်တယ်ဆိုတော့ မပျောက်နိုင်ဘဲ နောက်လူထပ်ကူးဖြစ်နေတယ်လို့ သိရတယ်။ ဒီတော့ အဓိက ဆေးဝါး အရေးတကြီးလိုအပ်တယ်။ ခုနောက်ပိုင်း အကူအညီတွေကလည်း နည်းလာတာပါတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
လက်ရှိ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတွေဘက်မှာ ဒေသခံတွေအတွက် အခမဲ့ဆေးပေးခန်းတချို့ရှိပေမယ့်လည်း အရေပြားယားနာ အတွက် ဆေးအလုံအလောက်မရှိခြင်း ၊ ဒေသခံတွေအနေနဲ့လည်း ဆေးဝယ်ယူသုံးစွဲဖို့ ငွေကြေး အဆင်မပြေခြင်း ၊ အလှူရှင်တွေဆီကနေ ဆေးဝါးအကူအညီရရှိမှု နည်းတာ စတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ် ။
ဒါကြောင့် အရေပြားယားနာဖြစ်ပွားနေတဲ့ စစ်ရှောင်နဲ့ ဒေသခံတွေအတွက် ဆေးဝါး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
” အရေးပြားဆိုတဲ့ နေရာမှာ နှစ်မျိုးရှိမယ် ။ ဥပမာ ကာလပေါ်နဲ့ နာတာရှည်မျိုးပေါ့ ။ အခုဟာက နာတာရှည်လည်း ပါတယ်၊ နှစ်ချီ လချီဖြစ်တာမျိုးပေါ့။ စစ်ဘေးရှောင်တွေမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမျိုးတော့ ရှိကြပေမယ့် ဆေးက လုံလောက်တာမျိုးတော့ မရှိဘူးဆိုတာ ဆရာမတွေက ပြောတယ်။ အခုလို မိုးကာလဆို လမ်းအခြေအနေနဲ့ ဆိုတော့လည်း ရောဂါဖြစ်သူတွေက ဆေးဝယ်ရခက်ခဲတာမျိုး ။ ဒီအရေပြားယားနာက ကူးလည်း ကူးတယ် ပြောတယ် ။ဆေးဝါးမလောက်တော့ ရောဂါဖြစ်သူတွေက ဆေးဆက်မဝယ်ဘူးပေါ့၊ ပြောရမယ်ဆို ဆေးဝယ်ရခက်တာ၊ မဝယ်နိုင်တာ မျိုးလည်း ဖြစ်နိုင်တယ် ။ ” လို့ စစ်ရှောင်ကူညီနေသူ နောက်ထပ် တယောက်က ပြောပါတယ် ။
အဆိုပါ အရေပြားယားနာက ကလေး ၊ လူကြီး အသက်အရွယ်စုံဖြစ်ပွားနေရာ ကလေးတွေမှာ ပိုပြီး ဖြစ်ပွားမှုများကြောင်း ၊ ဦးခေါင်း ၊ လက် ၊ လက် ၊ ခြေထောက်မှာ အဖြစ်များပြီး ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ကူးစက်ဖြစ်ပွားတာတွေ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW