မိုးကုတ်မှာ မြေပြိုလို့ အိမ် ၃၀ လောက်ပျက်စီးခဲ့ ၊ မန္တ​လေး-မိုးကုတ်လမ်း​တော့ ပွင့်ပြီ

ဩဂုတ် ၁၀ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ မိုးကုတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် မြေပြိုကျမှုဖြစ်ပွားလို့ နေအိမ် ၃၀ လောက်ပြိုကျပျက်စီးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
ဒါအပြင် မြေပြိုကျမှုဖြစ်ပွားနိုင်တဲ့ အခြေအနေရှိတာကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၂၀ လောက်လည်းရှိထားကြောင်း ၊ အဲဒီလိုရွှေ့ပြောင်းခဲ့ရတဲ့ အိမ်တွေဟာ ပြန်လည် နေထိုင်ဖို့ လုံးဝအဆင်မပြေတော့တဲ့နေရာက အိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ နှစ်ပေါင်း ၄၄ နှစ်အတွင်း မိုးရွာသွန်းမှုက စံချိန်တင်တဲ့အထိ ရွာသွန်းခဲ့တာဖြစ်လို့ မြေပြိုမှု ၊ လမ်း​မြေသား ကျွံကျမှု ၊ ရေကြီးမှုဟာလည်း အရင်နှစ်တွေထက်ပိုပြီး ဆိုးခဲ့တယ်လို့ သိရပါတယ် ။
” မြေပြိုတာတွေက တမြို့လုံးဖြစ်တာ ။ အရှေ့ပိုင်းရော အနောက်ပိုင်းရော အကုန်ဖြစ်တာ ။ မိုးတွင်းဆို မြေပြိုတာဘာညာ ဖြစ်လေ့ရှိပေမယ့် ဒီနှစ်ကတော့ အိမ်ပျက်စီးတာ ပိုများတယ်။လူသေဆုံးတာမျိုးမရှိဘူး။ တယောက်ထိခိုက်မှုရှိတယ် ။ မိုးရေချိန်ကလည်း စံချိန်တင်အောင်ရွာခဲ့တာ မိုးဇလကထုတ်ပြန်တာ တွေ့မှာပေါ့လေ ။ အခုတော့ မိုးရွာလည်းရပ်သွားပြီ။ ရေလည်းပြန်ကျသွားပြီ ဆိုတော့ အခြေအနေစောင့်ကြည့်ရမှာပေါ့။ မိုးကုတ်မိုးက အစိုးမရဘူး။ ရွာချင်ရင် ချက်ခြင်းရွာတတ်တာဆိုတော့ ခုကာလ အခြေအနေကိုအထူး စောင့်ကြည့်ဖို့လိုအပ်တယ်။ ဘာလို့ဆို အရင်ရက်အရှိန်တွေကရှိသေးတယ်။ မြေပြိုပြီးသားနေရာတွေက ထပ်ပြိုနိုင်တယ်။ ” လို့ မိုးကုတ်မြို့က လူမှုကူညီရေး အသင်းဝင်တယောက်က ပြောပါတယ်။
လက်ရှိမှာ မိုးကုတ် – မန္တလေးလမ်း ၊ မိုးကုတ်မြို့နယ်အထွက်က လမ်းပိုင်းမှာ မြေပြိုထားမှုတွေနဲ့ပတ်သက်ပြီးလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းရေးပြုလုပ်ထားတဲ့အတွက် သွားလာလို့ ရပြီဖြစ်သလို မတ္တရာ ၊ တံငါချောင်း ၊ဘောင်ကြီး တံတား၂၅/-၂၆ မိုင်တိုင်ကြား ရေကျော်မှာလည်း ရေပြန်ကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လတ်တလောအခြေအနေအရ မန္တလေး – မိုးကုတ် ကားလမ်းပိုင်း ပြန်ပွင့်သွားပြီး မတ္တရာမြို့နယ်ရေကျော်တဲ့နေရာမှာ ကားကြီး တွေကသွားလာလို့ရပြီး ကားအသေးက ရှေ့ကနေ ဆွဲမှသွားလို့ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။
” ရေကတော့ ပြန်ကျသွားပြီဆိုပေမယ့် အကုန်မဟုတ်သေးတော့ ကားကြီးကတော့ သွားလို့ရတယ်။ ကားလေးကတော့ ဆွဲမှသွားလို့ရမယ်။.ဆိုင်ကယ်တွေ ဖြတ်မရသေးဘူး ။ထော်လာဂျီပေါ်တင်ပြီးသွားရင်တော့ ရပါတယ်။ဧရာဝတီမြစ်ရေက အတက်ကြမ်းနေတုန်းဆိုတော့ မိုးရွာရင်တော့ ရေပြန်တက်လာနိုင်တယ်။ ” လို့ မတ္တရာဒေသခံ လူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။
ဒါကြောင့် မန္တလေး – မိုးကုတ်လမ်းပိုင်း ခရီးသွားမယ့်သူတွေအနေနဲ့ လမ်းခရီးရေအတက်အကျ အခြေအနေ ၊ လမ်းပိုင်း မြေပြိုမှုအခြေအနေတွေကို စုံစမ်းပြီးမှ သွားလာကြဖို့နဲ့ မြေပြိုလက်စနေရာတွေမှာ သတိထာ မောင်းနှင်ကြဖို့ ဒေသခံတွေက အကြံပြု ပြောဆိုထားပါတယ်။
ဓာတ်ပုံ – မတ္တရာလူမှုကူညီရေးအသင်း /ပါရမီအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW