ရေဦးမြို့နယ်မှာ ကျေးရွာပေါင်း ၅၀ ကျော် ရေဝင်လို့ ​သေဆုံးမှု ပျက်စီးမှု​တွေရှိ

ဩဂုတ် ၁၀ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ သဖန်းဆိပ်ဆည် ရေတံခါးတွေ ဖွင့်ချမှုနဲ့ မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော် ရေမြုပ်နေပြီး အင်ပုထိုးရွာသစ်ကျေးရွာမှ အသက် ၇၀ ဝန်းကျင် အမျိုးသား တယောက် ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေဘေးကြောင့် ဒေသခံ တသောင်းကျော် ရွှေ့ပြောင်းနေရပြီး လယ်ယာမြေ ဧက သောင်းနဲ့ချီ ရေမြုပ်ပျက်စီးလျက်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ စစ်ဘေးဒဏ်တွေကိုပါ ခံစားနေရချိန် အခုလို ဆိုးရွားတဲ့ ရေကြီးမှုနဲ့ ထပ်မံ ကြုံတွေ့ရတာကြောင့် စားဝတ်နေရေး၊ ယာယီ ခိုလှုံနိုင်ဖို့နေရာနဲ့ အရေးပေါ် အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
“ရေဦးမှာ မနေ့က မနက်ပိုင်း မိုးရွာလို့ထင်တယ်။ ညပိုင်းမှာ ရေနည်းနည်း ထပ်တိုးလာတယ်။ ရေကြီးနေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ ရေကြီးတာချင်းအတူတူ အညာရေကြီးတာတော့ ကူမယ့်သူရှားတယ်။ ဧရာဝတီဘက် ကူသလိုပဲ ကူပေးကြစေချင်တယ်။ ရေစီးကြမ်းလို့ လူသေတာတွေလည်း တဖြည်းဖြည်း များလာပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေဦးမြို့နယ်မှာ ကာဘိုးဆည်အောက်ဘက်က မြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကွာအဝေးခန့်၊ အနောက်ဘက် မူးဘောင် ကျိုးပေါက်နေမှု၊ မိုးသည်းထန်မှုတို့ကြောင့် ရေဆက်လက် တိုးနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ ကျသွားပေမယ့်လည်း အဲဒီဆည်က လွှတ်ထုတ်လိုက်တဲ့ ရေတွေဟာ မူးမြစ်သာမက ကန့်ဘလူနယ်ရှိ ကာဘိုးဆည်ထဲကိုပါ စီးဝင်နေပြီး ကာဘိုးဆည်လည်း ရေမထိန်းနိုင်တော့တာကြောင့် ဩဂုတ် ၆ ရက်နေ့ကတည်းက ဆည်ကို ဖွင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာဘိုးဆည်ရေ တိုးလာတဲ့အတွက် ရေဦးနဲ့ တန့်ဆည်အစပ်က ရွာတွေမှာ ရေထု ထပ်မံ မြင့်တက်လာနေပြီး ဒီပဲယင်း၊ ကျွန်းလှ၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာလည်း မိုးကောင်းနေဆဲဖြစ်ကာ မိုးသည်းထန်မှုကြောင့် ခင်ဦးနယ် (အနောက်ခြမ်း) က မူးတိမ်ချောင်းရေ ‌ကျိုးကျပြီး စပါးခင်းအပါအဝင် သီးနှံစိုက်ခင်းတွေအကုန် ရေမြုပ်နေတယ်လို့ သိရပါတယ်။
ခင်ဦးနယ်က မူးမြစ်နဲ့ DY-1 မူးဘောင်အတွင်းရှိ ရေဝင်နေတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်၊ နေ့လယ်ပိုင်းက ရေ ၂ လက်မလောက် လျော့ကျခဲ့ပေမယ့် မိုးကောင်းနေတဲ့အတွက် ရေမျက်နှာပြင် ပြန်လည် မြင့်တက်လျက်ရှိကာ ရေဝင်နေတဲ့ ကျေးရွာပေါင်း ၁၉ ရွာအထိ ရှိလာပြီး ဒေသခံတယောက်လည်း ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေဘေးကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရေလွတ်ရာကို ရှောင်နေကြရပြီး လမ်းခရီးသွားလာရေးနဲ့ နေစရာအခက်အခဲ ဖြစ်နေတဲ့အပြင် အစားအစာ ထောက်ပံ့မှုတွေလည်း လိုအပ်နေသလို ဖျားနာသူတွေလည်း ရှိနေတဲ့အတွက် ဆေးအကူအညီတွေလည်း များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ရေကြီးမှုအတွင်း ကန့်ဘလူက ကျေးရွာ ၁၄ ရွာဝန်းကျင်၊ တန့်ဆည်က ကျေးရွာ ၄၀ ဝန်းကျင်၊ ဒီပဲယင်းက ကျေးရွာ ၂၁ ရွာဝန်းကျင်၊ ရွှေဘိုက ကျေးရွာ ၂၀ ဝန်းကျင်၊ ဝက်လက်က ကျေးရွာ ၁၅ ရွာဝန်းကျင်နဲ့ အရာတော်မြို့နယ် မူးမြစ်ဘေးက ကျေးရွာတွေလည်း ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“ကျွန်မတို့အညာ ရေဘေးက ဧရာဝတီရေဘေးလောက် လူသိမများဘူးထင်ပါတယ်။ ဆယ်လီတွေ တရုန်းရုန်းနဲ့ ဆိုရှယ်မီဒီယာတွေပေါ် ပေါက်ကွဲပျံ့နှံ့မှုလည်း မရှိပါဘူး။ ကူကြ၊ လှူကြမယ့် နိုင်ငံကျော် ဆယ်လီတွေလည်း မရှိပါဘူး။ ဟိုဘက်ရွာအရင်နစ်ရင် ဒီဘက်က ရေမနစ်သေးတဲ့ရွာက ကူကြ၊ ကယ်ကြနဲ့ ရှိသလောက်လေး မျှဝေပြီး အချင်းချင်း ဖေးမကြရုံပါပဲ။ ကိုယ်တိုင် ဒုက္ခရောက်နေရင်းနဲ့တောင် ကိုယ့်ထက် ပိုခက်ခဲတဲ့သူကို လက်လှမ်းကူကြတယ်။ စစ်ဘေး၊ ရေဘေး ရှိသမျှဒဏ် ပေါင်းစုံခံနေရတဲ့ အညာဒေသပါ” လို့ ရွှေဘိုမြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ လူဦးရေ နှစ်သိန်းကျော်၊ မန္တလေးတိုင်းမှာ တသိန်းခွဲကျော်၊ ဧရာဝတီတိုင်းမှာ လေးသောင်းကျော်၊ မကွေးတိုင်းမှာ ၆ဝဝ နီးပါးနဲ့ စုစုပေါင်း လူဦးရေ လေးသိန်းကျော် ရေဘေးသင့်နေတာဖြစ်ပြီး ဒေသခံ ၁၆ ယောက် သေဆုံးကာ ၆၁ ယောက် ထိခိုက်ဒဏ်ရာရထားတဲ့အပြင် နှစ်ယောက် ပျောက်ဆုံးနေတယ်လို့ NUGရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်နေတဲ့ မြို့နယ် ၁၀ မြို့နယ်ရှိတဲ့အထဲက ကောလင်း၊ ခင်ဦးနဲ့ ဒီပဲယင်းမြို့နယ်တွေဟာ အခြေအနေ ဆိုးရွားနေပြီး ရေဘေးသင့် ပြည်သူတွေအတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊ ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ NUG က ထုတ်ပြန်ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူတွေဘက်ကတော့ တိုင်း (၄) တိုင်းရဲ့ စုစုပေါင်း ရေဘေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW