သီပေါနဲ့ ရှမ်းမြောက်မြို့နယ်တချို့ ရေကြီး၊ မြေပြို၊ တံတားပျက်စီး

ဩဂုတ် ၁၀၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ မိုးမိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ်တွေမှာ တောင်ကျရေနဲ့ မိုးရေကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု​တွေ တံတားတွေ ပျက်စီးနေပြီး စပါးခင်းနဲ့ စိုက်ပျိုးမြေတွေ ရေမြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးမှာ ရေကြီးရေလျှံမှုကြောင့် နမိတ်ချောင်းတံတား ပျက်စီးသွားပြီး ရေစီးလည်း အတော်ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မိုးမိတ် မြစ်ဆုံမှာ ရေကြီးလို့ တံတားပါကျိုးတယ်။ ရေစီးကလည်း ကြမ်းတယ်။ မိုးမိတ်နားက မြစ်ဆုံရွာ၊ နမိတ်ချောင်းတံတားပါ။ ကင်းချောင်းဘက်လည်း ရေတော်တော်ကြီးတယ်” လို့ ဆိုပါတယ်။
အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေ အလွန်များပြားလာတာကြောင့် မြစ်ချောင်းအခြေအနေတွေ ပြောင်းလဲလာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာမှာ ဩဂုတ် ၆ ရက် ညနေပိုင်းက ရွှေလီမြစ်အတွင်း ရေချိုးဖို့လုပ်နေတဲ့ အမျိုးသားနှစ်ယောက် ရုတ်တရက်ရေကြီးလာတာကြောင့် မြစ်ထဲ မျောပါသွားခဲ့ပြီး လက်ရှိအချိန်အထိ အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လားရှိုးမြို့အထွက်က အေတီချောင်းမှာလည်း ရေတက်လာတာကြောင့် ချောင်းဘေးတလျှောက်ရှိ လယ်ကွက်နဲ့ စပါးစိုက်ခင်းတွေ ရေမြုပ်ခဲ့ပါတယ်။ လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာလည်း ချောင်းရေကြီးပြီး လမ်းမပေါ်အထိ ရေလျှံတက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့နယ်မှာလည်း ရေတက်လာတာကြောင့် စပါးခင်းတွေ ရေမြုပ်နေပြီး မိုးမရွာတော့ပေမယ့် ရေပြန်ကျဖို့ အချိန်ယူနေတယ်လို့ သိရပါတယ်။ စပါးခင်းတွေ ရေကြာရှည်နစ်မြုပ်နေပါက စပါးအထွက် ထိခိုက်နိုင်မှာကို တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဒေသမှာလည်း မုံးပေါ်ချောင်း ရေကြီးလာတာကြောင့် ချောင်းဘေးတလျှောက်ရှိ စပါးခင်းနဲ့ ကြံခင်းတွေ ရေမြုပ်ခဲ့ပါတယ်။ ရေပြန်ကျချိန်မှာ ရေမနစ်မြုပ်သေးတဲ့ စပါးပင်တွေကို ပြန်လည်ကယ်ထုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ဆန်မြို့နယ် ကွမ်ဟယ်၊ မြို့သစ်နဲ့ ဟူးခင်ကျေးရွာတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် တောင်စောင်းမှာ နေထိုင်သူတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။ နမ့်ဆန်မြို့အနီး တံတားတစ်စင်းအနီးမှာလည်း မြေပြိုပြီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သီပေါမြို့မှာတော့ ဈေးရပ်နဲ့ ပန်းတိမ်တောင်ဘက်မှာ ရေလျှံမှုဖြစ်ပြီး အိမ်ခြေ ၄၀ ကနေ ၅၀ ခန့် ရေဝင်ခဲ့ပါတယ်။ ရေလျှံလာချိန်မှာ ဒေသခံတွေဟာ နီးစပ်ရာနေရာတွေမှာ ခိုလှုံခဲ့ကြရတယ်လို့ သိရပါတယ်။
သီပေါဒေသမှာ ဒီနှစ် မြွေတွေ့ရှိမှု များပြားလာတာကြောင့် ရေကြီးချိန်မှာ ဓာတ်မီးတွေ အသင့်ဆောင်ထားဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဝင်ပေမယ့် အခြေအနေမဆိုးတဲ့ နေအိမ်တချို့ကတော့ အိမ်ထဲမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။
သီပေါဒေသမှာ မိုးရွာသွန်းမှု အလွန်များပြားခြင်းမရှိတဲ့အချိန်တွေမှာတောင် ဒုဋ္ဌဝတီမြစ်ထဲ စီးဝင်တဲ့ မြစ်လက်တက်နဲ့ ချောင်းတွေက တောင်ကျရေတွေကြောင့် ရုတ်တရက် ရေကြီးလာတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီပေါမြို့ နမ့်ပေါ့ချောင်းမှာလည်း ဇူလိုင် ၉ ရက်အထိ ရေတက်နေခဲ့ပြီး အဲဒီချောင်းဟာ သီပေါမြို့ရဲစခန်းအောက်ကနေ ဖြတ်သန်းစီးဆင်းကာ ဒုဋ္ဌဝတီမြစ်ထဲကို စီးဝင်တာ ဖြစ်ပါတယ်။
သီပေါမြို့ ဇာတ်စု၊ နမ့်ပေါ့ချောင်းနဲ့ ညောင်ကိုးပင်ကျေးရွာဘက်တွေမှာလည်း ရေတက်လာတာကြောင့် ရေထိန်းကမ်းပါးရံတွေ ပြိုကျပြီး နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြေကျွံမှုကြောင့် ဖြစ်ပွားတာဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ် နမ့်စောင်းငေါင်းချောင်းတလျှောက်မှာလည်း တောင်ကျရေများပြားချိန် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေတက်ချိန်က ခဏတာသာဖြစ်ပေမယ့် နှစ်စဉ် မြစ်နဲ့ ချောင်းဘေး အနိမ့်ပိုင်းမှာရှိတဲ့ နေအိမ် ရာနဲ့ချီ ရေဝင်လေ့ရှိတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ်က ဂုတ်တွင်းတံတားမှာလည်း ရေကြီးမှုကြောင့် တံတားအောက်က ရေလယ်တိုင်ကို ရေတိုက်စားပြီး ပျက်စီးသွားခဲ့ပါတယ်။
“ကျောက်မဲမှာ မိုးတိတ်သွားပေမယ့် တောင်ပေါ်ဘက်တွေ ရွာနေတော့ တောင်ကျရေများလို့ ရေတက်တာ။ မြစ်ဘေး အနိမ့်ပိုင်းနေရာတွေက အိမ်တွေ ရေဝင်ကုန်တယ်။ ကူညီပေးတဲ့အဖွဲ့တွေတော့ မရှိဘူး။ နီးစပ်ရာပဲ သွားနေကြရတယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
သီပေါမြို့ အနောက်မြောက်ဘက် နမ့်ပေါ့ချောင်းမှာလည်း တောင်ကျရေကြောင့် ရေတက်လာပြီး ချောင်းကမ်းပါး ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရေကြီးမှုတွေကြောင့် မြစ်ဆိပ်ကနေ သွားလာခွင့်တွေ ကန့်သတ်ထားသလို တချို့နေရာတွေမှာ တံတားကနေ ဖြတ်သန်းခွင့်ကိုလည်း တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူတွေကတော့ လမ်းလျှောက်ဖြတ်သန်းနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သိန္နီ-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးနဲ့ လားရှိုး-၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးတလျှောက် တချို့နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ပြီး လမ်းအချို့ ကွဲအက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်းဟိန်းမြို့နယ် နမ့်ပန်ချောင်းလေး တလျှောက်လည်း ရေတက်တာတွေရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းဆတ်၊ မိုင်းွမ်းလမ်း၊ မိုင်တုံ တွေမှာလည်း မိုးရွာသွန်းမှုကြောင့် ရေလျှံတာတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကျိုင်းတုံ ကျိုင်းဖောင်းချောင်းမှာတော့ ချောင်းရေကြီးလို့ အမျိုးသမီးတယောက် မျောပါ ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ် ၁၀ ရက် မနက် ၇ နာရီ ထုတ်ပြန်ချက်အရ အန်ဒမန်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေ အားကောင်းနေပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတွေ၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ သီးခြားမိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးတိမ်တောင်ဖြစ်ပေါ်ရာ ဒေသတွေမှာ မိုးနဲ့အတူ လေပြင်း၊ မိုးကြိုးပစ်၊ လျှပ်စီးနဲ့ မိုးသီးကျတာတွေ ဖြစ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
လာမယ့်နှစ်ရက်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းအပါအဝင် ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း သီးခြားမိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိ ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့ လမ်းတံတားပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ မိုးဆက်လက်ရွာသွန်းပါက တောင်ကျရေနဲ့ ချောင်းရေ ထပ်မံမြင့်တက်လာနိုင်တာကြောင့် မြစ်၊ ချောင်းအနီးနဲ့ တောင်စောင်းဒေသမှာ နေထိုင်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်နေပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW