မန္တလာ ဆရာမျိုး
“တစ်ခါစားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး…”
ဒီစကားကို လူအများစု ပြောဖူးကြသလို ယုံကြည်ထားကြပါသည်။
တကယ်လည်း Junk Food (ကျန်းမာရေးအတွက်မသင့်တော်သော အသင့်စားအစားအစာများ) တစ်ပွဲစားလိုက်ရုံဖြင့် ကင်ဆာရောဂါ ဖြစ်သွားမည်မဟုတ်ပါ။
သို့သော် “တစ်ခါတစ်ရံ” ဟူသော အလေ့အထသည် “နေ့စဉ်” ဖြစ်လာသောအခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ထိုပြောင်းလဲမှုများသည် နှစ်ပေါင်းများစွာ ကြာလာသောအခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါနှင့် အချို့သော ကင်ဆာရောဂါများအထိ ဦးတည်သွားနိုင်သည်။
ယနေ့ကမ္ဘာတွင် လူသေဆုံးမှုအများဆုံး ဖြစ်စေသော ရောဂါများသည် ကူးစက်ရောဂါများမဟုတ်တော့ဘဲ နာတာရှည်မကူးစက်နိုင်သော ရောဂါများ (Non-Communicable Diseases -NCDs) ဖြစ်လာသည်။ ထိုရောဂါများ၏ နောက်ကွယ်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေး မကောင်းသော အစားအသောက်အလေ့အထတို့သည် အဓိကအန္တရာယ်အချက်များ ဖြစ်ကြသည်။ Junk Food သည် ယင်းအန္တရာယ်အချက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
Junk Food ဆိုသည်မှာ ကယ်လိုရီမြင့်မားသော်လည်း အာဟာရတန်ဖိုးနည်းသော အစားအစာများကို ဆိုလိုသည်။ ၎င်းတို့တွင် Saturated Fat (အဆီပြည့်ဝဆီ)၊ Trans Fat (အန္တရာယ်ရှိသော အဆီပြောင်း)၊ Sugar (သကြား) နှင့် Sodium (ဆားဓာတ်) များစွာ ပါဝင်သော်လည်း Vitamin (ဗီတာမင်)၊ Mineral (သတ္တုဓာတ်)၊ Fiber (အမျှင်ဓာတ်) နှင့် Phytochemicals (အပင်မှရရှိသော အကျိုးပြုဓာတ်ပစ္စည်းများ) မလုံလောက်ပါ။ ကြက်ကြော်၊ ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးကြော်၊ အသင့်စားခေါက်ဆွဲ၊ ဝက်အူချောင်း၊ ဘေကွန်၊ အချိုရည်နှင့် သကြားများသော မုန့်များသည် ထင်ရှားသော ဥပမာများဖြစ်သည်။
လူအများက Junk Food ၏ အန္တရာယ်ကို “ဝလာစေတယ်” ဆိုသည့် အချက်တစ်ခုတည်းဖြင့်သာ မြင်တတ် ကြသည်။ သို့သော် အမှန်တကယ် အန္တရာယ်သည် ထိုထက်ပို၍ နက်ရှိုင်းသည်။ Junk Food များတွင် သကြား၊ ဆားနှင့် အဆီကို “အရသာအကောင်းဆုံး” ဖြစ်စေရန် အချိုးကျ ပေါင်းစပ်ထားသောကြောင့် ဦးနှောက်၏ Reward System (ဆုလာဘ်ခံစားမှုစနစ်) ကို လှုံ့ဆော်ပေးပြီး ထပ်စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူများစွာသည် ဗိုက်မဆာ သေးသော်လည်း ဆက်လက်စားသုံးမိကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကယ်လိုရီပိုလျှံခြင်း၊ အဝလွန်ခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားလာသည်။
သုတေသနများအရ အဝလွန်ခြင်းသည် ရင်သားကင်ဆာ (သွေးဆုံးပြီးနောက်)၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် အစာမျိုပြွန်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား ၁၀ မျိုးကျော် ၏ ဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထားသည်။ ထို့ကြောင့် Junk Food သည် ကင်ဆာကို တိုက်ရိုက် ဖြစ်စေသည်ထက် အဝလွန်ခြင်းနှင့် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို တိုးစေသည့် လမ်းကြောင်း တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) လက်အောက်ရှိ International Agency for Research on Cancer (IARC) က Processed Meat (ပြုပြင်ထုတ်လုပ်ထားသော အသားများ) ဖြစ်သည့် ဝက်အူချောင်း၊ ဘေကွန်၊ ဟမ်၊ ဟော့ဒေါ့နှင့် အခြားထုပ်ပိုးထားသော အသားထုတ်ကုန်များကို မကြာခဏ စားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေကြောင်း အတည်ပြုထားသည်။ ထို့ကြောင့် Junk Food အများအပြားတွင် ပါဝင်လေ့ရှိသော ထိုအသားထုတ်ကုန် များကို နေ့စဉ်စားသုံးခြင်းသည် ကျန်းမာရေးအတွက် မသင့်လျော်ပါ။
Junk Food များတွင် သကြားဓာတ် အလွန်များပြားခြင်းသည်လည်း ပြဿနာတစ်ခုဖြစ်သည်။ အချိုရည် တစ်ဘူးတွင် လူကြီးတစ်ဦးအတွက် တစ်နေ့တာ အကြံပြုထားသော သကြားပမာဏထက် ကျော်လွန်နိုင်သည်။ သကြားဓာတ်များကို အမြဲတမ်း အလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓာတ် မြင့်တက်လာခြင်း၊ Insulin Resistance (အင်ဆူလင်အာနိသင် လျော့နည်းခြင်း) ဖြစ်ပေါ်လာခြင်းနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်း ရေရှည်ရောင်ရမ်းမှု (Chronic Inflammation) ကို ဖြစ်ပေါ်စေပြီး နာတာရှည်ရောဂါများ၏ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။
အဆီများသော အစားအစာများကို အပူချိန်မြင့်စွာ အကြော် သို့မဟုတ် အကင်ပြုလုပ်သောအခါ Acrylamide, Heterocyclic Amines (HCAs) နှင့် Polycyclic Aromatic Hydrocarbons (PAHs) ကဲ့သို့သော ဓာတုပစ္စည်းများ ဖြစ်ပေါ်နိုင်သည်။ ယင်းပစ္စည်းများသည် စမ်းသပ်ခန်းနှင့် တိရစ္ဆာန်သုတေသနများတွင် ကင်ဆာဖြစ်စေနိုင်သော အလားအလာရှိကြောင်း တွေ့ရှိထားသော်လည်း လူတွင် အန္တရာယ်သည် စားသုံးပမာဏ၊ ချက်ပြုတ်နည်းနှင့် အခြားအန္တရာယ်အချက်များအပေါ် မူတည်သည်။
မကြာသေးမီနှစ်များအတွင်း BMJ နှင့် အခြားထိပ်တန်း ဆေးပညာဂျာနယ်များတွင် ဖော်ပြထားသော လေ့လာချက်များအရ Ultra-Processed Foods (အလွန်ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ) ကို များစွာ စားသုံးသူများတွင် နှလုံးသွေးကြောရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ အဝလွန်ခြင်းနှင့် အချို့သော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်ကြောင်း တွေ့ရှိထားသည်။ ထိုသုတေသနများသည် အကြောင်းရင်း-အကျိုးဆက်ကို တိုက်ရိုက် အတည်မပြုနိုင်သော်လည်း Ultra-Processed Foods များကို လျှော့စားရန် အားကောင်းသော သက်သေ အထောက်အထားများကို ပံ့ပိုးပေးထားသည်။
အစားအသောက်သည် အူလမ်းကြောင်းရှိ အကျိုးပြုအဏုဇီဝပိုးများ (Gut Microbiome) ကိုလည်း ပြောင်းလဲ စေသည်။ အမျှင်ဓာတ်နည်းပြီး ပြုပြင်ထုတ်လုပ်ထားသော အစားအစာများကို များစွာစားသုံးပါက အကျိုးပြုဇီဝပိုးများ လျော့နည်းလာပြီး ကိုယ်ခံအား၊ အစာချေစနစ်နှင့် ဇီဝဖြစ်စဉ်များအပေါ် သက်ရောက်မှုရှိနိုင်သည်။ ယခုအခါ သိပ္ပံပညာရှင်များက Gut Microbiome နှင့် ကင်ဆာအပါအဝင် ရောဂါများစွာအကြား ဆက်စပ်မှုကို ဆက်လက်လေ့လာ နေကြသည်။
ဒါဆို Junk Food ကို လုံးဝရှောင်ရမှာလား။ အဖြေက “မလိုပါ။” ကျန်းမာရေးကောင်းသော အစားအသောက်ပုံစံ ဆိုသည်မှာ အစွန်းရောက်တားမြစ်ခြင်းမဟုတ်ဘဲ မျှတစွာရွေးချယ်ခြင်း ဖြစ်သည်။ Junk Food ကို ရံဖန်ရံခါသာ စားသုံးပြီး နေ့စဉ်အစားအစာတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ငါး၊ Whole Grains (အစေ့အပြည့်ကောက်နှံ) နှင့် အိမ်တွင် ချက်ပြုတ်ထားသော အစားအစာများကို ဦးစားပေးသင့်သည်။ အချိုရည်အစား ရေကို ပိုသောက်ခြင်း၊ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားခြင်းနှင့် ကိုယ်အလေးချိန်ကို သင့်တင့်စွာ ထိန်းထားခြင်းတို့သည် ကင်ဆာအပါအဝင် နာတာရှည်ရောဂါများကို ကာကွယ်နိုင်သည့် အရေးကြီးသော နည်းလမ်းများဖြစ်သည်။
Junk Food တစ်ပွဲက သင့်ကို ချက်ချင်းကင်ဆာမဖြစ်စေပါ။ သို့သော် Junk Food ကို နေ့စဉ်ရွေးချယ်သည့် အလေ့အထကတော့ သင့်ကျန်းမာရေး၏ အနာဂတ်ကို တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ ကျန်းမာရေးသည် ဆေးရုံတွင် စတင်တည်ဆောက်ရသည့် အရာမဟုတ်ဘဲ မိမိလက်ထဲရှိ ဇွန်းနှင့် ခက်ရင်းကို ကိုင်လိုက်သည့် အချိန်မှ စတင် တည်ဆောက်ရသည့် အရာဖြစ်သည်။ ယနေ့ သင်ရွေးချယ်သော အစားအစာသည် မနက်ဖြန်၏ ကျန်းမာရေးကို ဆုံးဖြတ် ပေးနိုင်ပါသည်။
မန္တလာ ဆရာမျိုး
မန္တလာ ဆရာမျိုး ဟာ ဆေးတက္ကသိုလ်(မန္တလေး) ရဲ့ ပါမောက္ခချုပ်
ဒေါက်တာမျိုးသက်တင်ဖြစ်ပါတယ်။
