ဩဂုတ် ၁၄၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဓါးပြတိုက်၊ လူသတ်မှုကျူးလွန် ခဲ့ပြီး “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေတဲ့ အမျိုးသား လေးယောက်ကို ဖမ်းဆီးရမိတာကြောင့် အစိုးရတာဝန်ရှိသူတွေဆီကို ပြန်လွှဲ လိုက်တယ်လို့ “ဝ” တပ်ဖွဲ့ဘက်ကပြောပါတယ်။
ဖမ်းမိသူတွေဟာ အခုနှစ် မတ်လ ၂၁ရက်နေ့က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်မှာ ရှိတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ်ကို အမျိုးသား တစုက ဝင်ရောက် ဓါးပြတိုက်ခဲ့ပြီး အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အိမ်ရှင် ဦးဝမ်ကျိုင်းသေဆုံးခဲ့ရပါတယ်။ နောက်တခုက အခုနှစ် မေလ အတွင်းမှာပဲ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံရပ်၊ ကျိုင်းငန်း ဝက်အင်းလမ်းမှာရှိတဲ့ ခေမာရဋ္ဌ်ရွှေဆိုင်ပိုင်ရှင်မိသားစု ဆိုင်သိမ်းပြီးပြန်လာတဲ့အချိန် ကားနဲ့ရောက်လာတဲ့ အမျိုးသားတစုက ရွှေဆိုင် ပိုင်ရှင် ရဲ့သား စိုင်းရီတစ်စံ ကို သေနတ်နဲ့ပစ်ခတ်ပြီး ရွှေထည်နဲ့ ငွေသားတွေ ယူဆောင်သွားခဲ့တဲ့ဖြစ်စဥ်နဲ့ ပတ်သက်သူတွေဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် ကျိုင်းတုံမြို့ခံတွေကြားမှာ အတော်လေးအထိတ် တလန့်ဖြစ် ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပစ္စည်းပဲယူတာမဟုတ်ဘူးလေနော်။ လူကိုပါ လုပ်သွားတာ။ ခဏခဏ ဒါမျိုး ဖြစ်တော့ မြို့ခံတွေရော ၊ လုပ်ငန်းရှင်တွေပါ လန့်နေရတာ။ အခုမိပြီ ဆိုတော့ တော်သေးတယ်” လို့ ကျိုင်းတုံမြို့ခံတယောက် ကပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ မိုင်းပေါက် ဒေသထဲမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး မြန်မာအာဏာပိုင်တွေက သတင်းပေးပို့ တာ ကြောင့် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို အခုလ ၁၃ ရက်နေ့မှာပဲ “ဝ” တပ်ဖွဲ့ဘက်က မြန်မာ အာဏာ ပိုင်တွေ ဘက်ကို လွှဲပြောင်းလိုက်တယ်လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တွေဆီကနေ သိရပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့တဲ့အမျိုးသားတွေဟာ အသက် ၁၉ ကနေ ၂၉ အရွယ် တွေဖြစ်တယ်လို့ သိရပါတယ်။
